ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်း မဲရုံ(၅၅၀၀)ကျော် ရှိနိုင်ပြီး ယခင်ရွေးကောက်ပွဲထက် မဲရုံ ပိုများမည်

ဘုန်းနေ၊ မတ်-၂

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်း မဲရုံအရေအတွက် (၅၅၀၀)ကျော် ရှိမည်ဖြစ်ပြီး ယခင် ၂၀၁၅ ရွေးကောက်ပွဲထက် မဲရုံ(၅၀)ကျော် ပိုမိုမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး  ဒုတိယညွန့်ကြားရေးမှူး ဦးကျော်ကျော်စိုးက Mandalay In-depth News အား ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်း အများပြည်သူ မဲပေးနိုင်မည့် မဲရုံ (၅၄၇၀)ရုံနှင့် တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုဝင်များ ဆန္ဒမဲပေးနိုင်ရန် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ ဧရိယာ ပြင်ပ၌ ဖွင့်လှစ်မည့် မဲရုံ (၉၅)ရုံ စုစုပေါင်း မဲရုံ(၅၅၆၅)ရုံ  ဖွင့်လှစ်ရန် စီမံလျာထားကြောင်း  ဦးကျော်စိုးက ရှင်းပြသည်။

“၂၀၁၅ ထက်စာရင် မဲရုံ နည်းနည်းများလာတယ်။ တပ်မတော်သား မဲရုံကတော့ နည်းနည်းလျော့သွားတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှတ်တမ်းများအရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်း တပ်တွင်းမဲရုံ (၁၀၅)ရုံ အပါအဝင် စုစုပေါင်း မဲရုံအရေအတွက် (၅၅၁၀) ရုံ ရှိခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ထို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ် အဖြစ် သတ်မှတ်ခဲ့ပြီး မန္တလေးတိုင်းအတွင်း အခြေခံ မဲစာရင်း ပြုစုခြင်း လုပ်ငန်းများကို  ဇူလိုင်တွင် လုပ်ဆောင်ခဲ့ကာ စက်တင်ဘာလကုန်ပိုင်းတွင် ပြီးစီးခဲ့သည်ဟု ဆိုသည်။

အခြေခံမဲစာရင်းအရ ယခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်း မဲပေးခွင့်ရှိသူ အရေအတွက် (၄၅)သိန်းကျော် ရှိမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလထက် မဲဆန္ဒရှင်အရေအတွက် (၁)သိန်းကျော် ပိုမိုများပြားမည်ဟု တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြောသည်။

ရွေးကောက်ပွဲ  ဥပဒေ ပြင်ဆင်ချက်များအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများကို တပ်ဧရိယာ အပြင်ဘက် သင့်လျော်သော နေရာတွင် ထားရှိ ဖွင်လှစ်မည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင်း ငါးနှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ပြဌာန်းထားပြီး လယင်းအခြေခံဥပဒေ အတည်ပြုပြီးနောက် ၂၀၁၀ နိုဝင်ဘာနှင့် ၂၀၁၅ နိုဝင်ဘာတို့တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တပ်တွင်းမဲရုံ/ Photo – Maung Tar

#Mandalay Indepth News

#Mandalay_News #မဲရုံ #မဲဆန္ဒရှင် #ရွေးကောက်ပွဲကော်မရှင်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်