မန္တလေးမြို့၊ ရာဇာစိုး ငွေစုငွေချေး သမအသင်းက အသင်းဝင်တွေရဲ့ စုငွေတွေကို ပြန်ထုတ်ပေးမည်ဟုဆို

ရိုက်ကူး၊တင်ဆက် ဒီဒါင်းမေ

အငြိမ်းစားဝန်ထမ်းတွေနဲ့ ဝင်ငွေနည်းပြည်သူတွေ အပါအဝင် အသင်းဝင် နှစ်ထောင်ကျော်ရှိတဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာဇာစိုး ငွေစုငွေချေး သမဝါယမ အသင်းရုံးကို ယနေ့ ဖေဖေါ်ဝါရီ(၅)ရက် ညနေပိုင်းမှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အသင်းဝင်တွေရဲ့ စုငွေတွေကို ပြန်ထုတ်ပေးမှာ ဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ်၊ သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရာဇာစိုး ငွေစုငွေချေး သမအသင်းရဲ့ အလုပ်အမှုဆောင် (၉) ယောက်ရှိတဲ့အထဲက (၃) ယောက်ဟာ တိမ်းရှောင်တဲ့ ပုံစံဖြစ်သွားတာကြောင့် လက်ရှိမှာတော့ အသင်းရုံးကို ပိတ်ထားပါတယ်။

အသင်းသားတွေရဲ့ စုငွေ၊ချေးငွေတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ အသင်းရဲ့ ကျန်ရှိနေတဲ့ အလုပ်အမှုဆောင်တွေနဲ့အတူ အသင်းသားတွေ ပါဝင်တဲ့ ယာယီကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားတယ်လို့ ချမ်းမြသာစည်မြို့နယ်၊ သမဝါယမဦးစီးဌာနက ဦးစီးအရာရှိ ဦးမျိုးဝင်းအောင်က ပြောပါတယ်။

အသင်းသားတွေရဲ့ အပ်ငွေတွေ ဆုံးရှုံးမှုမရှိစေဖို့ သမဝါယမဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အသင်းပိုင်ဖြစ်တဲ့ အသင်းရုံးအဆောက်အဦး၊ တခြားမြေကွက် ၄ ကွက်နဲ့ light truck ယာဉ်တွေကို အမြန်ဆုံးရောင်းချပြီး ဖြေရှင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရာဇာစိုး ငွေစုငွေချေးသမဝါယမအသင်းရဲ့ လက်ရှိအခြေအနေမှာ ငွေစုဆောင်းသူတွေက စုငွေတွေကို ပြန်လည်ထုတ်ယူမှုများပြားတာ၊ ချေးငွေချေးယူထားသူတွေက ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်တာကြောင့် ငွေကြေးလည်ပတ်မှု ရပ်တန့်ခဲ့ရသလို ဘဏ္ဍာထိန်းဖြစ်တဲ့ ဥက္ကဌနဲ့လည်း ဆက်သွယ်လို့မရတာကြောင့် ငွေထုတ်ပေးတာကို ခေတ္တခဏဆိုင်းငံ့ထားတာပါ။

https://youtu.be/T250oT-9Kms

ချေးငွေပေးဆပ်ဖို့ ပျက်ကွက်ခြင်း ဝန်ခံကတိ လက်မှတ်ထိုးထား သူများကိုလည်း အသင်းပိုင်ငွေများ အမြန်ဆုံးပြန်လည်ရရှိဖို့  လိုက်လံတောင်းယူပြီး အသင်းသားတွေကို ပြန်လည်ထုတ်ပေးနိုင်ဖို့အတွက်  စီစဉ်နေပါတယ်။ အသင်းသားတွေအနေနဲ့ ခေတ္တခဏစောင့်ဆိုင်းပေးဖို့ အသင်းသားများအားပန်ကြားချက်ကို ရာဇာစိုးငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဥက္ကဌကိုယ်စား ဒါရိုက်တာအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့တာပါ။ ဖေဖော်ဝါရီ ၃ ရက်မှာတော့ အသင်းသားအချို့ဟာ အသင်းရုံးရှေ့ကို လာရောက်ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှာတော့ သမဝါယမဦးစီးဌာနက တာဝန်ရှိသူတွေ၊ ယာယီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်တွေနဲ့ ရာဇာစိုးငွေစုငွေချေးသမဝါယမအသင်းမှာ စုငွေထည့်ဝင်ထားသူ‌တွေ တွေ့ဆုံခဲ့ကြပါတယ်။

Mandalay Indepth သတင်းဌာနက စုံစမ်းသိရသလောက် ရာဇာစိုး ငွေစုငွေချေး သမဝါယမအသင်းမှာ အသင်းသားတွေရဲ့ စုဆောင်းငွေဟာ တစ်ဦးကို အနည်းဆုံး ကျပ်သိန်း ဆယ်ချီကနေ ရာချီစုကြတာပါ။

ငွေစုငွေချေးသမဝါယမအသင်းမှာ အသင်းသား ၂၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

#Mandalay_Indepth_News #YarZarSoe #ငွေစုငွေချေး #သမဝါယမအသင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်