မန္တလေး ကျောက်စိမ်းပွဲတွင် တင်ဒါဆွဲဝယ်ယူသည့် ကျောက်များ ထုတ်ယူရန် အတွဲ(၃၀၀)ခန့်သာ ကျန်ဟုဆို

ဘုန်းနေ၊ နိုဝင်ဘာ-၂၁

မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းရောင်းချပွဲတွင် တင်ဒါဆွဲ ဝယ်ယူခဲ့သည့် ကျောက်များကို ကုန်သည်များက လာရောက်ထုတ်ယူလျှက် ရှိပြီး ကျောက်စိမ်းတွဲ(၃၀၀)ခန့်သာ ထုတ်ယူရန် ကျန်ရှိတော့ကြောင်း ကျောက်မျက်အသင်း တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာလကုန်ပိုင်းက မန္တလေးမြို့တွင် (၇)ရက်ကြ ကျင်းပခဲ့သည့် ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၂၉၀၀)ကျော် ပြသရောင်းချခဲ့ပြီး လေလံဆွဲဝယ်ယူသည့် ကျောက်စိမ်းတွဲ (၁၉၀၀)ကျော် ရှိခဲ့သည်။

လေလံအောင်သည့် ကျောက်စိမ်းတွဲများကို တစ်လအတွင်း ငွေချေ ထုတ်ယူရန် စည်းကမ်းသတ်မှတ်ထားရာ လက်ရှိတွင် ကျောက်စိမ်းတွဲ (၁၅၀၀)ကျော် ထုတ်ယူသွားခဲ့ပြီး ကျောက်စိမ်းတွဲ(၃၀၀)ခန့်သာ ထုတ်ယူရန် ကျန်ရှိတော့ကြောင်း ပြပွဲဦးစီးကျင်းပခဲ့သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) တာဝန်ရှိသူများက ပြောသည်။

 “ကျောက်စိမ်းတွဲက (၃၀၀)လောက်ပဲ ကျန်တော့တယ်။ ကျောက်ထုတ်ရက် သက်တမ်းတိုးဖို့တော့ မသေချာသေးဘူး။ ကျောက်ရောင်းရ‌ငွေက ကျပ်သိန်း နှစ်သိန်းကျော်လောက်တော့ ဝင်ပြီထင်တယ်”ဟု မန္တလေးကျောက်မျက်အသင်း တာဝန်ရှိသူ ဦးမျိုးမြင့်နိုင်က Mandalay In-depth News သို့ ပြောသည်။

ပြပွဲတွင် ကျောက်စိမ်း(အရိုင်း)တွဲ (၁၉၀၀)ကျော်ကို ငွေကျပ်သန်း သုံးသောင်းနီးပါးဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ထုတ်ယူခွင့်ပြုသည့် ရက်(၂၀)ကျော်အတွင်း ကျပ်သန်းနှစ်သောင်းခန့် ရရှိထားခြင်းဖြစ်သည်ဟု ပြပွဲကော်မတီ တာဝန်ရှိသူများက ဆိုသည်။

မန္တလေးကျောက်စိမ်းရောင်းချပွဲ / Photo – MGJEA – mdy

လေလံအောင် ကျောက်စိမ်းတွဲများကို နိုဝင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ ငွေချေထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက အာမခံစပေါ်ငွေ သိမ်းယူကာ ယင်းစပေါ်ငွေကို ကျောက်ပိုင်ရှင်ထံ ပေးအပ်မည်ဖြစ်ကြောင်း ပြပွဲကော်မတီဥက္ကဌ ဦးကျော်ဇောအောင်က Mandalay In-depth news သို့ ပြောကြားထားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့က ကြီးမှူး၍ မန္တလေးကျောက်မျက်အသင်းက ဦးစီးကျင်းပခဲ့သော ပထမအကြိမ် ကျောက်စိမ်း အရိုင်းထည်၊ အချောထည် နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ ကွန်ဗင်းရှင်းစင်တာ အောက်တိုဘာ(၂၃) မှ (၂၉)ရက် အထိ ကျင်းပခဲ့သည်။

ယင်း ကျောက်စိမ်းပွဲတွင် ကျောက်စိမ်း ရောင်းချရသူသည် ရတနာခွန်(၁၁)ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခ(၂)ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ဝယ်ယူသူသည် ကုန်သွယ်ခွန်(၅)ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်