မန္တလေးဈေးကွက်တွင် နှမ်းဈေးကျ၊ တစ်ပါတ်အတွင်း နှမ်းတစ်အိတ် ကျပ်(၅၀၀၀)ကျော် ဈေးကျဆင်း

ကိုနေကို၊ အောက်တိုဘာ-၃၀

မန္တလေးမြို့ ပဲ၊ နှမ်း ဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း နှမ်းဈေးနှုန်းများ ကျဆင်းနေပြီး တစ်ပါတ်အတွင်း နှမ်းနက် (စမုံ) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်(၅၀၀၀)ကျော် ဈေးကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

နှမ်းစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်ဖြစ်သလို ဈေးကွက်အတွင်းသို့ နှမ်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ယခုကဲ့သို့ ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ ပဲ၊နှမ်းကုန်သည်များက ပြောသည်။

မန္တလေးဈေးကွက်သို့ နှမ်းနက်များ အဝင်များသောကြောင့် ဈေးကျဆင်းခြင်းဖြစ်ပြီး နှမ်းအဝင် နည်းသွားချိန်တွင် ဈေးနှုန်းပြန်လည် တည်ငြိမ်ဖွယ်ရှိကြောင်း မန္တလေးမြို့က ဝါရင့် နှမ်းကုန်သည် ဦးမောင်စိုး (ကျောက်ဆည်ပွဲရုံ) က ပြောသည်။

“နှမ်းနက်က တောင်ပေါ် (ရှမ်းပြည်ဒေသများမှ မုန့်လုပ်ရန် ဝယ်ယူ) မှာလည်း ရောင်းရတာ အေးတယ်။ တောင်သူတွေကလည်း အလှူအတန်း လုပ်ဖို့ ထုတ်ရောင်းကြတော့ ဈေးအေးသွားတာပါ။ တဖြည်ဖြည်း အဝင်နည်းလာရင် ဈေးကွက်မကျနိုင်ဘူး”ဟု ဦးမောင်စိုး (ကျောက်ဆည်ပွဲရုံ)က ပြောသည်။

မန္တလေး ကုန်စည်ဒိုင်တွင် ပဲ၊နှမ်းများ အရောင်းအဝယ် ပြုလုပ်နေစဉ်။ Photo – Bhone Nay (Mandalay In-depth News).
မန္တလေး ကုန်စည်ဒိုင်တွင် ပဲ၊နှမ်းများ အရောင်းအဝယ် ပြုလုပ်နေစဉ်။ Photo – Bhone Nay (Mandalay In-depth News).

မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ပဲ၊နှမ်းကုန်စည်ဒိုင်)၏ နေ့စဉ် ပဲ၊နှမ်းဈေးနှုန်း ထုတ်ပြန်ချက်များအရ အရည်အသွေးကောင်း (ထိပ်စ) နှမ်းနက် (စပုံ) သုံးတင်းဝင် တစ်အိတ် ဈေးနှုန်းသည် အောက်တိုဘာ(၂၆)ရက်တွင် ကျပ်(၂၆၂၀၀၀) ဈေး ရှိခဲ့ရာမှ အောက်တိုဘာ(၃၀)ရက်တွင် ကျပ်(၂၅၄၀၀၀)ခန့်သာ ပေါက်ဈေးရှိခဲ့သည်။

ထို့အပြင် နှမ်းနက် (စမုံ-၁) သုံးတင်းတစ်အိတ်လျှင် (၂၅၆၀၀၀)ကျပ်၊ နှမ်းနက်(စမုန်-၂) တစ်အိတ်လျှင် (၂၄၅၀၀၀)ကျပ်၊ နှမ်းနက်(စမုန်-၃) တစ်အိတ်လျှင် (၂၄၀၀၀၀)ကျပ်၊ နှမ်းဖြူ(ထိပ်စ) သုံးတင်းဝင် တစ်အိတ်လျှင် (၁၅၃၀၀၀)ကျပ်၊  ရိုးရိုးနှမ်းနက် တစ်အိတ်လျှင် (၂၃၅၀၀၀)ကျပ်၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် (၁၄၃၀၀၀)ကျပ်နှင့် နှမ်းနီ သုံးတင်းဝင် တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း မန္တလေးပဲ၊နှမ်း ကုန်စည်ဒိုင်၏ အောက်တိုဘာ(၂၉)ရက် နေ့စဉ် ပဲ၊နှမ်းဈေးနှုန်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဈေးကွက်အတွင်း နှမ်းအဝင်များ၍ ဈေးဆစ်ဝယ်ယူကြခြင်း ဖြစ်သော်လည်း အဝယ်ရပ်ခြင်း မဟုတ်ဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးမြို့ အောင်ကြည်ဝင်း ပွဲရုံပိုင်ရှင် ဦးရဲမိုးအောင်က ပြောသည်။

“ပစ္စည်းရွေးပြီး ဝယ်လာတဲ့ သဘောပါ။ တခြား နှမ်းဈေးတွေလည်း နည်းနည်း ကျတယ်။ ဝယ်လိုအားက မနေ့ကလို ပုံမှန်ပါပဲ။ အလတ်စတွေကလည်း သူ့ဈေးသူ့ဟာနဲ့ ရောင်းနိုင်မယ်ဆိုရင် ဝယ်လိုအားက ပုံမှန်ရှိပါတယ်” ဟု ဦးရဲမိုးအောင်က ဆိုသည်။

မန္တလေး ကုန်စည်ဒိုင်တွင် ပဲ၊နှမ်းများ အရောင်းအဝယ် ပြုလုပ်နေစဉ်။ Photo – Bhone Nay (Mandalay In-depth News).
မန္တလေး ကုန်စည်ဒိုင်တွင် ပဲ၊နှမ်းများ အရောင်းအဝယ် ပြုလုပ်နေစဉ်။ Photo – Bhone Nay (Mandalay In-depth News).

လတ်တလောတွင် နှမ်းနက်ဈေးနှုန်း အနည်းငယ်ကျဆင်းနေသော်လည်း ဈေးကွက်အခြေအနေအရ နှမ်းနက်တစ်အိတ်လျှင် ကျပ်နှစ်သိန်းငါးသောင်း ဝန်းကျင်ဖြင့် ဆက်လက် အရောင်းဖြစ်ပေါ်ဖွယ်ရှိပြီး နှောင်းပိုင်းကာလများတွင် ဈေးကွက်ပြန်လည် ကောင်းမွန်နိုင်ကြောင်း ပဲ၊နှမ်း ကုန်သည်များက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းက မန္တလေး ပဲ၊နှမ်းဈေးကွက်အတွင်း နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်(၂၇၀၀၀၀)ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နှမ်းနက်ကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး ဇူလိုင်တွင် မန္တလေးဈေးကွက်သို့ နှမ်းနက်များ စတင်ဝင်ရောက်သည်။

မန္တလေး ကုန်စည်ဒိုင်တွင် ပဲ၊နှမ်းများ အရောင်းအဝယ် ပြုလုပ်နေစဉ်။ Photo – Bhone Nay (Mandalay In-depth News).

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်