ကျောက်မျက်လုပ်ကွက် ချထားပေးမည့်နေရာ မကျေနပ်ကြောင်း မိုးကုတ်ဒေသခံ(၄၀၀)ကျော် ဆန္ဒပြ

ကိုနေကို၊ အောက်တိုဘာ-၂၇

ကျောက်မျက်ရတနာ တူးဖော်ထွက်ရှိခြင်း မရှိသည့် မြေနေရာများအား လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်များ အဖြစ် ချထားပေးမည့်အပေါ် မကျေနပ်ကြောင်း မိုးကုတ်ဒေသခံ (၄၀၀)ကျော်က ယနေ့(အောက်တိုဘာ၂၇)တွင် မိုးကုတ်မြို့၌ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကျောက်မျက်ရတနာ အများအပြား တူးဖော်ထွက်ရှိနိုင်သည့် မြေနေရာများကို အသေးစားနှင့် အလတ်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဇုန်များအဖြစ် သတ်မှတ်ကာ ကုမ္မဏီများကို ချထားပေးမည်ဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် ဒေသခံများအတွက် ကျောက်မျက် တူးဖော်ထွက်ရှိနိုင်ခြေ မရှိသလောက် နည်းပါးသည့် နေရာများ၊ အစွန်အဖျား မြေနေရာများကို လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်အဖြစ် သတ်မှတ် ချထားပေးမည့်အပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် မိုးကုတ်ဒေသခံများက ပြောသည်။

“မိုးကုတ်သူ၊ မိုးကုတ်သားတွေက တရားမျှတမှုရှိသော သယံဇာတခွဲဝေမှုကို ပေးစေလိုတယ်။ မမျှမတ ဖြစ်နေတာကိုလည်း ပြည်သူလူထုကို သနားစွာ ကြည်ရှုစောင့်ရှောက် ပေးစေလိုတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ မိုးကုတ်မြို့ခံ ဦးဇော်ဝင်းက ပြောသည်။

မိုးကုတ်ဒေသသည် ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိသော်လည်း အစိုးရမှ ကျောက်မျက်လုပ်ကွက်အဖြစ် ချထားပေးမည့် နေရာများမှာမူ ကျောက်မျက်ရတနာ တူးဖော်ထွက်ရှိနိုင်ခြေ မရှိဟု ဒေသခံများက ဆိုသည်။  Photo – Mandalay Indepth News.

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများက တရားမျှတမှုရှိသည့် သယံဇာတစီမံခန့်ခွဲမှု ဖြစ်ပေါ်ရေး ၊ ယခင် သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လက်လုပ်လက်စား လုပ်ကွက်များ သတ်မှတ်ပေးရေး ၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် အလိုမရှိ စသည်တို့ကိုလည်း ကြွေးကြော်ခဲ့သည်။

“လက်လုပ်လက်စား ကျောက်ကွက် ချထားပေးမယ့် နေရာတွေက ဝေးတယ်။ ကျောက်ထွက်ရှိမှုကလည်း နည်းတယ်။ ဘယ်သူမှလည်း သွားလုပ်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူး။ … ငွေကြေးမတတ်နိုင်တဲ့ လက်လုပ်လက်စားတွေကို နယ်ဝေးကို ပို့မယ်ဆိုတာကတော့ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး”ဟု စိန်းလန်း (မိုးကုတ်) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးရဲအောင်က ဆိုသည်။

မိုးကုုတ်ဒေသတွင် ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲခွင့်ရှိသည့် အသေးစား ကျောက်မျက်လုပ်ကွက် ဧရိယာ (၁၆၁၆၀)ဧက နှင့် တိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ်ကွက် ဧရိယာ (၈၂၂၁၉) ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။

မိုးကုတ်ဒေသ လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေဧက(၈၂၂၀၀)ကျော်ကို ဇုံသုံးခု ပိုင်းခြား သတ်မှတ်ကာ မိုးကုတ်ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ကွက်များအဖြစ် ချထားပေးရန် စီစဉ်လျှက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် သတ္ထုတွင်း ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးကုတ်ဒေသသည် ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိသော်လည်း အစိုးရမှ ကျောက်မျက်လုပ်ကွက်အဖြစ် ချထားပေးမည့် နေရာများမှာမူ ကျောက်မျက်ရတနာ တူးဖော်ထွက်ရှိနိုင်ခြေ မရှိဟု ဒေသခံများက ဆိုသည်။  Photo – Mandalay Indepth News.
မိုးကုတ်ဒေသသည် ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိသော်လည်း အစိုးရမှ ကျောက်မျက်လုပ်ကွက်အဖြစ် ချထားပေးမည့် နေရာများမှာမူ ကျောက်မျက်ရတနာ တူးဖော်ထွက်ရှိနိုင်ခြေ မရှိဟု ဒေသခံများက ဆိုသည်။ Photo – Mandalay Indepth News.

သို့သော် အဆိုပါ မြေနေရာများမှာ ကျောက်မျက်တူးဖော် ထွက်ရှိနိုင်ခြေ မရှိသည့်အတွက် ကျောက်မျက်တူးဖော်ထွက်ရှိသည့် မြေနေရာများတွင် ချထားပေးရန် မိုးကုတ်ဒေသခံများက ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်တွင် ကျောက်မျက်လုပ်ကွက် ချထားပေးမှုအပေါ် မကျေနပ်ကြောင်း ဒေသခံများ ဆန္ဒပြနေစဉ်။ Photo – Mandalay Indepth News.

Leave a Reply

Your email address will not be published. Required fields are marked *