မန္တလေးတွင် Covid-19 စောင့်ကြည့်လူနာ နှစ်ဦး ထပ်တိုး၊

တရုတ်နိုင်ငံသား တစ်ဦးနှင့် အသက်(၆၀)အရွယ် မန္တလေးမြို့ခံတစ်ဦး ဖြစ်

Mandalay In-depth News၊ မတ်-၁၂

မန္တလေးမြို့သို့ လာရောက်သည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မန္တလေးမြို့ခံ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးတို့ကို Covid-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ကာ ယမန်နေ့ မတ်လ(၁၁)ရက် ညပိုင်းတွင် ကန်တော်နဒီဆေရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

လေကြောင်းခရီးစဉ်ဖြင့် မန္တလေးမြို့သို့ ဝင်ရောက်လာသည့် အသက်(၂၀)ကျော်အရွယ် တရုတ်နိုင်ငံသားတစ်ဦး ဖျားနာသဖြင့် Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မန္တလေး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု မန္တလေးဆေးရုံအုပ် ဒေါက်တာခင်ကျော်က Mandalay In-depth News အား ပြောသည်။

“တရုတ်နိုင်ငံသားက လူငယ်ပါပဲ။ လေကြောင်းကနေ ဝင်လာတယ်။ မန္တလေးမှာ ကျောက်စိမ်းလုပ်ဖို့ ထင်တယ်။ လေဆိပ်တွေမှာ စစ်တာတော့ ဘာမှ မတွေ့ဘူး။ ဒီရောက်တော့ ဖျားလို့ တရုတ်ကနေ လာတာလည်း ဖြစ်တဲ့အတွက် စောင့်ကြည့်လူနာ အနေနဲ့ သတ်မှတ်ပြီး ပို့လိုက်တာပါ”ဟု ဒေါက်တာခင်ကျော်က ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးသည်လည်း ဖျားနာသဖြင့် မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုသို့ ပြသရာမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရ၍  Covid-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ၎င်းက ဆိုသည်။

“တခြားရောဂါအခံလည်း ရှိတယ်။ ဒါပေမယ့် ဘန်ကောက်က ပြန်လာသူဖြစ်လို့ သံသယများရှိမလားဆိုပြီး စောင့်ကြည့်လူနာ သတ်မှတ်တာပါ။ ကြိုတင်ယူထားတဲ့ သဘောပေါ့”ဟု ဒေါက်တာခင်ကျော်က ရှင်းပြသည်။

အဆိုပါ လူနာနှစ်ဦးကို မတ်လ(၁၁)ရက် ညပိုင်းတွင် မန္တလေး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ကာ သီးခြားထားရှိ ကုသပေးလျှက်ရှိပြီး Covid-19 ရောဂါ ကူးစက်ခံရမှု ရှိ။မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်နေဟု ဆိုသည်။

ထိုသို့ လူနာနှစ်ဦး တိုးလာသည့်အတွက် လက်ရှိတွင် မန္တလေးမြို့၌ Covid-19 ရောဂါ စောင့်ကြည့်လူနာ (၃)ဦး ရှိနေသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၁၀)ရက် ည(၈)နာရီအချိန် သတင်းထုတ်ပြန်ချက်တွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သော အသက် (၂၃) နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော နှစ်ပတ်ခန့်က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်လည်ရောက်ရှိခဲ့ပြီး မတ်လ(၉) ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ(၁၁) ရက်တွင် မန္တလေး ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီးတွင် သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။

မန္တလေး ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် Covid-19 ရောဂါ စောင့်ကြည့်လူနာများအနက် အထက်ပါ လူနာ(၂)ဦးမှလွဲ၍ ဓါတ်ခွဲစစ်ဆေးချက်အရ ကျန်လူနာများအားလုံးတွင် ရောဂါပိုး မတွေ့ရှိဟု ဒေါက်တာခင်ကျော်က ပြောသည်။ သို့သော် အချို့လူနာများမှာ အခြားရောဂါများ ဆက်လက်ကုသနေရ၍ ကန်တော်နဒီဆေးရုံ၌ပင် ဆက်လက်ကျန်ရှိနေသေးသည်ဟု ၎င်းက ရှင်းပြသည်။

ဇန်နဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်အထိ မန္တလေးတိုင်းအတွင်း Covid-19 စောင့်ကြည့်လူနာ (၁၆)ရှိခဲ့ပြီး အထက်ပါ ပြည်ကြီးတံခွန်မြို့နယ်နေ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးမှလွဲ၍ ကျန်လူနာများအားလုံးတွင် ဓါတ်ခွဲစ်စဆေးချက်အရ ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် Covid-19 ရောဂါ သံသယလူနာ (၂)ဦးအပါအဝင် စောင့်ကြည့်လူနာ (၉၀)ဦး ရှိခဲ့ပြီး ဓါတ်ခွဲစစ်ဆေးချက်များအရ (၇၈)ဦးတွင် ရောဂါပိုး မတွေ့ရှိဘဲ စောင့်ကြည့်လူနာ (၈)ဦးမှာ ဓါတ်ခွဲစစ်ဆေးချက်အဖြေ စောင့်ဆိုင်းနေကာ ကျန်လူနာ(၄)ဦးကို ဆက်လက်စစ်ဆေးနိုင်ရန် စီစဉ်နေသည်ဟု ဝန်ကြီးဌာန၏ မတ်လ(၁၁)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင်း Covid-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွာခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် ကမ္ဘာ့နိုင်ငံ (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ (၄၀၀၀)ကျော် ရှိနေပြီ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က Covid-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြောင်း မတ်လ(၁၁)ရက် တွင် ကြေညာခဲ့သည်။

ထိုသို့ Covid-19 ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့မှုနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ရှိသည်များကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကြေညာထားသည်။

Covid-19ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် WHOက ကြေညာလိုက်ပြီဖြစ်၍ မြန်မာနိုင်ငံတွင်း ယင်းရောဂါ ကူးစက်ခံရသူ မတွေ့ရှိသော်လည်း အလွန်အန္တရာယ်ရှိသည့် ရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း ရောဂါူးကူးစက်ခံရသူ တစ်ဦး စတင်တွေ့ရှိသည်နှင့် ပြဿနာပိုမိုကြီးမားလည်မည်ဖြစ်ပြီး အများပြည်သူအနေဖြင့် ရောဂါကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ကြောင်း မန္တလေးဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

“ကြောက်ဖို့ မဟုတ်ပါဘူး။ သတိထားကြဖို့ပါ။ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ပါ။ လူစုလူဝေးတွေ ရှောင်ကြဖို့လိုပါတယ်။ ရောဂါရှိသူတစ်ဦးက လူစုလူဝေးထဲ သွားခဲ့လို့ရှိရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာခင်ကျော်က သတိပေးသည်။

Covid-19 ရောဂါ ကာကွယ်နိုင်ရေး မကြာခန လက်ဆေးရန်လိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူများ အချင်းချင်း လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။

#Mandalay_Indepth_News

#မန္တလေးကန်တော်နဒီဆေးရုံ #Covid-19

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်