မန္တလေးတွင် အများသုံးအိမ်သာအတွင်း အမျိုးသားတစ်ဦး ဆေးထိုးအပ် တန်းလန်းဖြင့် သေဆုံးနေ

အမ်တီ၊ နိုဝင်ဘာ-၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ဘုရားဝင်းအတွင်းရှိ အများသုံးအိမ်သာတွင် အမျိုးသားတစ်ဦး ဆေးထိုးအပ် တန်းလန်းဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။

နိုဝင်ဘာ(၇)ရက် နေ့လည်ပိုင်းက  ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ မနော်ဟရီလမ်းနှင့် နှင်းဆီလမ်းကြား၊ ၅၆လမ်းအနီးရှိ ဘုရားဝင်းအတွင်း ဆောက်လုပ်ထားသည့် သန့်စင်ခန်းဆီမှ ကလေးငိုသံကြား၍ ဂေါပကအဖွဲ့က သွားရောက်ကြည့်ရှု့ရာ သန့်စင်ခန်းအတွင်း ခွေယိုင်လဲကျနေသူတစ်ဦး၊ ၎င်းနှင့်ကပ်လျှက် အရက်မူးလွန်ကာ အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးနှင့် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဂေါပကအဖွဲ့က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီး ခွေယိုင်လဲကျနေသူကို စစ်ဆေးရာ မူးယစ်ဆေးထိုးအပ် တန်းလန်းဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဂေါပကအဖွဲ့ဝင်က ဆိုသည်။

အများသုံး သန့်စင်ခန်းအတွင်း ဆေးထိုးအပ်တန်းလန်းဖြင့် သေဆုံးနေသည့် အမျိုးသား။ Photo – MT.

ဘုရားဝင်း သန့်စင်ခန်းအတွင်း သေဆုံးနေသည့် အမျိုးသားသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် နေထိုင်ပြီး ဆေးသုတ်လုပ်ငန်း လုပ်ကိုင်သူ အသက်(၂၇)နှစ်အရွယ် အမျိုးသားဖြစ်ကာ အဆိုပါ သန့်စင်ခန်းအတွင်း တွေ့ရှိရသည့် အသက်နှစ်နှစ်အရွယ် ကလေးငယ်မှာလည်း သေဆုံးသူ၏ သားသမီးဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သန့်စင်ခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးနေမှုနှင့် ပတ်သက် ၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် နယ်မြေရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်၍ စစ်ဆေးနေသလို အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ  ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အများသုံး သန့်စင်ခန်းအတွင်း ဆေးထိုးအပ်တန်းလန်းဖြင့် သေဆုံးနေသည့် အမျိုးသား။ Photo – MT.

.

.

Leave a Reply

Your email address will not be published. Required fields are marked *