စစ်ကိုင်းမြို့မှ အမျိုးသားတစ်ဦး Covid-19 ရောဂါ သံသယဖြင့် မန္တလေး ကန်တော်နဒီဆေးရုံ ရောက်

သီးခြားထားရှိ ကုသပေးလျှက်ရှိပြီး ဓါတ်ခွဲစစ်ဆေးရန် စီစဉ်နေဟုဆို

Mandalay In-depth News၊ မတ်-၃

စစ်ကိုင်းမြို့နေ အသက်နှစ်ဆယ်ကျော် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိရသဖြင့် မတ်လ(၂)ရက် ညနေပိုင်းက မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ကာ စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့တွင် နေထိုင်သော အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ(၂၉)ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ မတ်လ(၁)ရက်တွင် တက်ရောက်ကုသခဲ့ကြောင်း၊ လူနာအား စမ်းသပ်စစ်ဆေးချက်များအရ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင် မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် မတ်လ(၂)ရက် ညနေပိုင်းတွင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ခဲ့ကြောင်း ဝန်ကြီးဌာနက ယနေ့ မတ်လ(၃)ရက် ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။

အဆိုပါလူနာအား စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ၊ ဆေးရုံအခြေပြုနှင့် ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထိုသို့ စောင့်ကြည့် စစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိရာ ယနေ့ မတ်လ(၃)ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမျှ မတွေ့ရှိရသေးဘဲ စောင့်ကြည့်လူနာ (၄)ဉီးကို သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မြန်ရောဂါ Covid-19 သည် ယနေ့ မတ်လ(၃)ရက်အထိ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ (၆၀)ကျော်တွင် ကူးစက်ခံရသူ (၈၈၀၀၀)ကျော်နှင့် သေဆုံးသူ(၃၀၀၀)ကျော် အထိရှိနေသည်။

မြန်မာနိုင်ငံတွင်း ရောဂါကူးစက်ဖြစ်ပွားမှု မတွေ့ရှိရသေးသော်လည်း ပြည်သူလူထုအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်သည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်