မန္တလေးတွင် ကျပ်(၃၅၀၀)ကျော်တန် စားသောက်ကုန်များကို ကျပ်(၂၀၀၀)ဖြင့် ဈေးလျှော့ ရောင်းပေးမည်၊

ကုန်ဈေးနှုန်းတည်ငြိမ်းရေး မန္တလေးကုန်သည်စက်မှုအသင်းက ဦးဆောင် ရောင်းချခြင်းဖြစ်ပြီး တစ်မြို့နယ်လျှင် (၅၀၀)ဦးဖြင့် မန္တလေးခရိုင်(၇)မြို့နယ်ရှိ ရပ်ကွက်များသို့ လိုက်ရောင်းပေးမည်ဟုဆို

ဒီဒါင်းမေ၊ ထက်ဘုန်းခေါင်၊ မတ်-၁၇

Covid-19 ဂယက် ရိုက်ခတ်မှုများ ရှိနေချိန် ကုန်ဈေးနှုန်း တည်ငြိမ်းရေးအတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)နှင့် ညီနောင်ကုန်သည်အသင်းများ ပူးပေါင်း၍ ကျပ်(၃၅၀၀)ကျော်တန် စားသောက်ကုန်များကို ကျပ်(၂၀၀၀)နှုန်းဖြင့် ဈေးလျှော့ ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါ အသင်း တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

မန္တလေးခရိုင် (၇)မြို့နယ်အနက် တစ်မြို့နယ်လျှင် (၅၀၀)ဦးစာ ရောင်းချပေးမည်ဖြစ်ကာ မနက်ဖြန် မတ်လ(၁၈)ရက်မှစတင်၍ ရပ်ကွက်များအရောက် ကားဖြင့် လှည့်လည်ရောင်းချပေးမည်ဟု ဆိုသည်။

မနက်ဖြန် မတ်လ(၁၈)ရက် နေ့လည်(၂)နာရီမှ (၄)နာရီအတွင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာ ရုံးဝင်းအတွင်းနှင့် ပြည်ကြီးတံခွန်မြို့နယ် ၅၅လမ်းနှင့် ၅၆လမ်းကြား၊ မင်းကြီးရန်နောင်လမ်း၊ သင်မန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ရောင်းချပေးရန် စီစသ်ထားသည်ဟု MRCCI အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

“လှူတာလို့ ပြောလို့ရသလို လှူတယ်ဆိုတာက ဒီတိုင်းကြီး ဝေလိုက်တာထက်စာရင် ကုန်ဈေးနှုန်းပေါ့။ အဓိက ဦးတည်တာက ကုန်ဈေးနှုန်း တည်ငြိမ်ရေးပေါ့။ ဆန်တေါလည်း မစိုးရိမ်ကြပါနဲ့ ကျွန်တော်တို့မှာ ဆန်တွေလည်း ရှိတယ်။ နောက်ဈေးလည်း တက်မရောင်းပါဘူးဆိုတာ ပြည်သူလူထုကို သိစေချင်တာ။ ဆီကလည်း ဆီကုန်သည်တွေက ဒီအတိုင်းပဲ။ ဈေးတက် မရောင်းပါဘူး။ စားသုံးဖို့အတွက် လုံလောက်ပါတယ် မန္တလေးတိုင်းမှာ။ အဲ့တာတွေကို ပြည်သူလူထုကို သိစေချင်တာ၊ မြင်စေချင်တာပေါ့။ အဲ့ဒီအဓိပ္ပာယ်တွေ အများကြီး ပါပါတယ်။ ရောင်းချပေးတာ”ဟု ဦးဥက္ကာကျော်က ပြောသည်။

Photo – MRCCI

ဆန်တစ်ပြည်၊ ကြက်ဥ(၆)လုံး၊ ပဲဆီစစ်(၁၅)ကျပ်သား၊ လက်ဖက်နှင့်အကြော်စုံ စသည့် ကျပ်(၃၅၅၀)တန် စားသောက်ကုန်များကို မူလတန်ဖိုးထက် လျှော့ပြီး One Package (တစ်စုံ) လျှင် ကျပ်(၂၀၀၀)နှုန်းဖြင့် မန္တလေးခရိုင် (၇)မြို့နယ်မှ တစ်မြို့နယ်လျှင် လူဦးရေ(၅၀၀)အား ရောင်းချပေးမည်ဟု MRCCI က ထုတ်ပြန်ထားသည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းပေးသည့် အစီအစဉ်ကို MRCCI နှင့် ညီနောင်အသင်း (၃၉)သင်းတို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အထက်ပါ ကနဦး အစီအစဉ်အပြင် ထပ်မံရောင်းချပေးနိုင်ရန်အတွက်လည်း ကြိုးစားမည်ဟု ကုန်သည်အသင်း တာဝန်ရှိသူများက ပြောသည်။

ထိုသို့ စားသောက်ကုန်များ ဈေးလျှော့ရောင်းချပေးမည့် နေရာ ရွေးချယ်ရာတွင် မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဝင်ငွေနည်းပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို အဓိက ဦးစားပေးရောင်းချမည်ဟု ဆိုသည်။

ထို့အပြင် စားသောက်ကုန် လာရောက်ဝယ်ယူသူများကို Covid-19 ရောဂါ ကာကွယ်ရေး အသိပေးခြင်းများလည်း လုပ်ဆောင်မည်ဟု ဆိုသည်။

Photo – MRCCI

#Mandalay_Indepth_news

#Mandalay_News #စားသောက်ကုန် #ဈေးလျှော့ရောင်း

#MRCCI .

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်