ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်များ နေ့၊ညမရွေး တည်းခိုနားနေနိုင်ရန် ရဲတပ်ဖွဲ့က ဓမ္မာရုံများ ဆောက်လုပ်

မောင်မင်းမော်၊ နိုဝင်ဘာ-၈

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တလျောက်တွင် ခရီးသွားပြည်သူများ နေ့၊ညမရွေး လုံခြုံစိတ်ချစွာဖြင့် တည်းခိုနားနေနိုင်ရန်အတွက် ရဲတပ်ဖွဲ့က ဓမ္မာရုံများ ဆောက်လုပ်နေပြီး လက်ရှိတွင် ဓမ္မာရုံ(၆)လုံးအထိ ရှိပြီ ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးဇာနည်မောင်က Mandalay In-depth News သို့ ပြောသည်။

ခရီးသွားများ နားနေနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က ဆောက်လုပ်ထားသည့် ဓမ္မာရုံများ။ Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

“တချို့တွေက ခရီးသွားရင်းနဲ့ အရမ်းကြီးမှောင်လာတော့ လမ်းဘေးတွေမှာ ကားရပ်ပြီး အိပ်တာတွေရှိတယ်။ အဲ့လိုအိပ်တော့ မှုခင်းတွေ ဖြစ်တာတွေ ရှိတယ်။ အဲ့ဒါကြောင့် ခရီးသွားပြည်သူတွေ အချိန်မတော် မောင်းနေရင်းနဲ့ ဆက်ပြီး ခရီးထွက်လို့ မရတော့ဘူး၊ မထွက်ချင်တော့ဘူး ဆိုရင် ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့ စခန်း(၁၆)ခုမှာ ခေတ္တယာယီ နားလို့ရအောင် ဓမ္မာရုံဆောက်တာပါ” ဟု ရဲမှူးဇာနည်မောင်က ဆိုသည်။

ခရီးသွားများ နားနေနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က ဆောက်လုပ်ထားသည့် ဓမ္မာရုံများ။ Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

ရန်ကုန်-မန္တလေး အမြန်လမ်း တလျောက်ရှိ  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲစခန်း  (၁၆) ခုတွင်   ဓမ္မာရုံများ ဆောက်လုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ပေပင်လေးစခန်း၊ ဖြူးစခန်းနှင့် သီးကုန်းစခန်း သုံးခုတွင် ဓမ္မာရုံသစ်များ ဆောက်လုပ်ပြီးဖြစ်သည်ဟု ဆိုသည်။  ထို့အပြင် ယခင်ကတည်းက ဓမ္မာရုံအချို့ ရှိပြီးဖြစ်ရာ အမြန်လမ်းတလျှောက်တွင် ခရီးသွားများ တည်းခိုနားနေနိုင်သည့် ဓမ္မာရုံ(၆)ခုအထိ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

“မိုးလုံလေလုံနဲ့ ရေ၊မီးတွေ လုပ်ပေးထားတယ်။ နေ့၊ညမရွေး လာတည်းလို့ ရပါပြီ”ဟု ရဲမှူး ဇာနည်မောင်က ပြောသည်။

အဆိုပါ ဓမ္မာရုံများတွင် ခရီးသည်များ နားနေနိုင်သလို ခရီးသွားများ အန္တရာယ်ကင်းရှင်းစေရေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကလည်း ပရိတ်ရွတ်၊ မေတ္တာပို့ခြင်းများ အပါတ်စဉ် လုပ်ဆောင်မည်ဟု ဆိုသည်။

ခရီးသွားများ နားနေနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က ဆောက်လုပ်ထားသည့် ဓမ္မာရုံများ။ Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွားလာနေစဉ် ယာဉ်ချို့ယွင်းမှုကြောင့်ဖြစ်စေ၊ ခေတ္တနားနေလို၍ ဖြစ်စေ လမ်းဘေးတွင်ရပ်နားလျှင် လုယက်ရန်ပြုမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ခရီးသွားပြည်သူများ နေ့ညမရွေး အန္တရာယ်ကင်းစွာ နားခိုနိုင်ရန်  ယခုကဲ့သို့ ဓမ္မာရုံများ တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ခရီးသွားများ နားနေနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က ဆောက်လုပ်ထားသည့် ဓမ္မာရုံများ။ Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

ခရီးသွားပြည်သူများအနေဖြင့်လည်း အကြောင်းတစုံတရာ ပေါ်ပေါက်ပါက လမ်းဘေးတွင် ယာဉ်ရပ်နားခြင်းမပြုဘဲ အမြန်လမ်း ရဲကင်းစခန်းများနှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် အကူအညီတောင်းကာ ဓမ္မာရုံများသို့ လာရောက်နားခိုစေလိုကြောင်းနှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း အမြန်လမ်းတစ်လျောက် ခရီးသွားများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်နှင့် မူခင်းဖြစ်ပွားမှု မရှိစေရန် လမ်းမကြီးအနီးရှိ ကျေးရွာများသို့ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ရဲမှူးဇာနည်မောင်က ဆိုသည်။

ခရီးသွားများ နားနေနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က ဆောက်လုပ်ထားသည့် ဓမ္မာရုံများ။ Photo – အမြန်လမ်းမကြီးရဲတပ်ဖွဲ့

အမြန်လမ်းမကြီး တလျှောက်တွင် ညအချိန် လမ်းဘေးယာဉ်ရပ်ကာ အနားယူနေချိန် လူအုပ်စုဖြင့် လုယက်ခြင်း၊ ရန်ပြုခြင်းများ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်အတွင်း အဆိုပါဖြစ်ရပ်မျိုး သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

.

Leave a Reply

Your email address will not be published. Required fields are marked *