မန္တလေးတွင် တက္ကသိုလ်ကျောင်းသားများကို ဆေးခြောက်များနှင့်အတူ ဖမ်းမိ

အမ်တီ၊ အောက်တိုဘာ-၅

မန္တလေးမြို့တွင် အသက်(၁၉)နှစ်အရွယ် တက္ကသိုလ်ကျောင်းသား လေးဦးကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါး ဥပဒေဖြင့် အမူဖွင့်ထားကြောင်း မဟာအောင်မြေမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

အောက်တိုဘာ(၃)ရက် ည(၈)နာရီခန့်က မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ လှည့်ကင်းဆောင်ရွက်နေချိန် ရွှေဘုန်းရှိန်ရပ်ကွက်၊ ၄၂လမ်းနှင့် ၄၃လမ်းကြား၊ ၈၁လမ်းနှင့် ၈၂လမ်းကြား၊ ဦးဘသာလမ်းကြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်‌နေကြောင်း သတင်းအရ သွားရောက် စောင့်ဆိုင်းရာမှ တက္ကသိုလ်ကျောင်းသား အချို့ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး၊ ဆေးခြောက်များ လက်ဝယ်တွေ့ရှိမူဖြင့် ဖမ်းဆီးထားသည့် တက္ကသိုလ်ကျောင်းသားများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ စောင့်ဆိုင်းနေစဉ် ထရစ်ကာ၊ ဟွန်ဒါကလစ် ဆိုင်ကယ်များဖြင့် အမျိုးသား ငါးဦးရောက်ရှိလာပြီး အချင်းချင်းတွေ့ဆုံ၍ မူးယစ်ဆေးဝါး ရောင်းဝယ်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဦး ထွက်ပြေးသွားခဲ့သည်။

အဆိုပါ အမျိုးသားများနှင့်အတူ ဆေးခြောက်ဟု ယူဆရသော အရိုး၊အရွက်၊ အစေ့ရောရော အလေးချိန်(၃)ဂရမ်စီပါ (၉)ထုပ်နှင့် (၁)ဂရမ်စီပါ (၁)ထုပ် စုစုပေါင်း(၁၀)ထုပ်၊ အလေးချိန်(၂၈)ဂရမ်နှင့် ငွေကျပ်(၆၇၉၀၀)ကို သိမ်းဆည်းရမိသဖြင့် မေးမြန်းရာ (၇၃)လမ်းတွင် အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့သည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသဖြင့် အရေးယူခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး၊ ဆေးခြောက်များ လက်ဝယ်တွေ့ရှိမူဖြင့် ဖမ်းဆီးထားသည့် တက္ကသိုလ်ကျောင်းသားများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမူဖြင့် ဖမ်းဆီးရမိသူ အမျိုးသားလေးဦးမှာ အသက်(၁၉)နှစ်အရွယ်များဖြစ်ပြီး မန္တလေး ရတနာပုံကတက္ကသိုလ်မှ ပထမနှစ်နှင့် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား သုံးဦး၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တစ်ဦးတို့ ဖြစ်ပြီး ထွက်ပြေးသူ တစ်ဦးကို နေရပ်လိပ်စာ ဆက်လက်စုံစမ်းနေသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး၊ ဆေးခြောက်များ လက်ဝယ်တွေ့ရှိမူဖြင့် ဖမ်းဆီးထားသည့် တက္ကသိုလ်ကျောင်းသားများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

၎င်းတို့ကို မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)၊၂၀(က)၊၂၁တို့ဖြင့် အမှုဖွင့်ကာ ထွက်ပြေးသွားသူ အမျိုးသားနှင့် မူးယစ်ဆေးဝါးရောင်းချသူ အမည်မသိအမျိုးသားတို့ကို ဆက်လက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်‌လျှက်ရှိကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါး၊ ဆေးခြောက်များ လက်ဝယ်တွေ့ရှိမူဖြင့် ဖမ်းဆီးထားသည့် တက္ကသိုလ်ကျောင်းသားများ။ ဓါတ်ပုံ – ရဲတပ်ဖွဲ့။

Leave a Reply

Your email address will not be published. Required fields are marked *