မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမည်၊

စားသောက်ကုန် ပြတ်လပ်မှုဖြစ်မည်ကို မစိုးရိမ်ကြရန်နှင့် မည်သည့်အခြေအနေဖြစ်စေ စားသောက်ကုန်များ ရောင်းချပေးနိုင်ရန် စီစဉ်ထားဟု မန်းစည်ပင် တာဝန်ရှိသူပြော

ဒီဒါင်းမေ၊ နေကို၊ မတ်-၂၄

မန္တလေး ဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင် ကော်မတီတာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

ထို့အပြင် Covid-19 ဂယက်ကြောင့် ဈေးများပိတ်ပြီး စားသောက်ကုန်များ ဝယ်ယူမရဘဲ ပြတ်လပ်မည်ကို မစိုးရိမ်ကြရန်နှင့် အခြေအနေအရ ဈေးများ ပိတ်ရလျှင်ပင် စားသောက်ကုန်များ ပုံမှန်အတိုင်း ရောင်းချပေးနိုင်ရန် စီစဉ်ထားသည်ဟု မန္တလေးမြို့တော် စည်ပင်  ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဆန်းမြင့်က  ရှင်းပြသည်။

“လိုအပ်လာလို့ တစ်မြို့လုံး lock down (ပိတ်ချ) ချထားမယ်ဆိုလို့ ရှိရင်တောင် အစားအသောက်တွေ မပြတ်လပ်သွားအောင် လှည့်ပြီးတော့မှ ရပ်ကွက်တွေထဲ ပို့နိုင်တဲ့ နည်းစနစ်လေးတွေ လုပ်ဖို့ဆိုပြီး လုပ်ထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်မူ မန္တလေးမြို့ပေါ်ရှိ မည်သည့်ဈေးကိုမျှ ပိတ်မည်မဟုတ်ဘဲ ဈေးအဝင်အထွက်များတွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ကာ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ရောင်းချမည်ဟု မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက ပြောသည်။

စည်ပင်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့များ ညှိနှိုင်းထားချက်အရ Covid-19 ရောဂါကြောင့် ဈေးများ ပိတ်ရန် လိုအပ်လာလျှင်ပင် စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို ပိတ်မည် မဟုတ်သေးဘဲ အလှကုန်၊ အဝတ်အထည် စသည့် ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များကိုသာ ပထမအဆင့်အနေဖြင့် ပိတ်မည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

“လောလောဆယ်အချိန်အထိ ဈေးတွေကို မလုပ်ဘူး။ အစားအသောက်တွေ ပြတ်လပ်သွားမှာစိုးလို့။ တကယ်လို့များ လူစုလူဝေးကြောင့်မို့လိုု့ လူတွကြောင့်မို့ ပိတ်ဖို့လိုအပ်လာ တယ်ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့် သွားမယ်။ ဈေးအကျိုးတော်ဆောင်တွေကလည်း တို့တွေနဲ့ ညှိနှိုင်းထားတယ်။ လူစည်ကားတာများတဲ့ ဈေးကြီးတွေမှာ အထည်တို့ အလှကုန်တို့လို အဲ့လိုဆိုင်တွေကို ပထမ မထွက်ဘဲ နေကြဖို့ သဘောတူထားတယ်”ဟု ၎င်းက ပြောသည်။

တချိန်တည်းမှာပင် မန္တလေးမြို့နှင့် အထက်မြန်မာပြည်အတွက် ကုန်စည်ဖြန့်ဖြူးရာ အဓိက ဈေးကြီးတစ်ဈေးဖြစ်သည့် မန္တလေး ဈေးချိုတော်ကို လတ်တလောကာလ၌ ပိတ်သိမ်းရန်  အစီအစဉ် မရှိသေးဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမည်ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှုး ဦးမင်းမင်း က  ယနေ့ နံနက်ပိုင်းက ပြောသည်။

မန္တလေးမြို့ပေါ်၌ စည်ပင်ပိုင် ဈေး(၄၀)ကျော်ရှိပြီး လက်ရှိအချိန်အထိ ပုံမှန်အတိုင်း ရောင်းဝယ်နေဆဲ ဖြစ်သည်။ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)နှင့် ညီနောင်အသင်းများကလည်း Covid-19 ဂယက်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှု မရှိစေရေး မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အချို့သို့ လှည့်လည်ကာ စားသောက်ကုန်များ ဈေးလျှော့ရောင်းချပေးလျှက် ရှိသည်။

အများပြည်သူ အနေဖြင့် စားသောက်ကုန် ပြတ်လပ်မှု ဖြစ်ပေါ်မည်ကို မစိုးရိမ်ကြရန်နှင့် စည်ပင်သာယာ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကုန်သည်များ ညှိနှိုင်းကာ အစုအဖွဲ့များ ဖွဲ့စည်းထားပြီး လိုအပ်ပါက ရပ်ကွက်များအရောက် လှည့်လည် ရောင်းချပေးရန် စီစဉ်ထားသည်ဟု မန္တလေးမြိုှုတော်ဝန်နှင့် စည်ပင်တာဝန်ရှိသူများက ပြောသည်။

“တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ထားတယ်။ လုံးဝ lock down လုပ်လိုက်ရင်တောင်မှ ရပ်ကွက်တွေထဲမှာ အစားအသောက်တွေ မပြတ်အောင် ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနဲ့ ချိတ်ဆက်ထားတယ်။ လိုက်လုပ်ပေးမယ်။ မပြတ်စေရဘူး။ အစီအစဉ်တွေ ဆွဲထားတယ်။ အစားအသောက်တွေ ရပ်ကွက်တွေထဲမှာ ပြတ်လပ် မသွားအောင်တော့ အသင်းတွေနဲ့ ဈေးဌာနနဲ့ စည်ပင်နဲ့ ချိတ်ဆက်ထားတယ်။ စိတ်ပူကုန်ကြမှာစိုးလို့။ တဆင့်ပြီးတဆင့် လုပ်ထားတယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေး၌ ဆန်နှင့် ဆေးဝါး ဝယ်ယူနေသူများ/ Photo – Nay Ko, Parame Sann
မန္တလေး၌ ဆန်နှင့် ဆေးဝါး ဝယ်ယူနေသူများ/ Photo – Nay Ko, Parame Sann

ယနေ့ မတ်လ(၂၄)ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ စူပါမားကက်နှင့် ဈေးများ၌ ဆန်၊ ဆီ၊ ရယ်ဒီမိတ် စားသောကုန်ပစ္စည်းများနှင့် မီးဖိုဆောင်သုံး ပစ္စည်းများကို ဝယ်ယူစုဆောင်းသူ များပြားနေသည်။

ဈေးများပိတ်၍ စားသောက်ကုန်များ ပြတ်လပ်သွားမည်ကို စိုးရိမ်သောကြောင့် ဆီနှင့် ဆန်အိတ်အချို့ ကြိုတင်ဝယ်ယူထားခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ပထမဆုံးသော Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေသူ အမျိုးသားနှစ်ဦးကို ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့၌ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၂၃)ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး ချင်းပြည်နယ် တီးတိန်မြို့၌ နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားနှင့် အင်္ဂလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး ရန်ကုန်မြို့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ စောင့်ကြည့်စစ်ဆေးမှု ခံယူနေသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားတို့တွင် ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် အဆိုပါ အမျိုးသားနှစ်ဦးကို တီးတိန်မြို့ ဆေးရုံနှင့် ရန်ကနု်မြို့ ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ အမျိုးသား နှစ်ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မန္တလေး၌ ဆန်နှင့် ဆေးဝါး ဝယ်ယူနေသူများ/ Photo – Nay Ko, Parame Sann
မန္တလေး၌ ဆန်နှင့် ဆေးဝါး ဝယ်ယူနေသူများ/ Photo – Nay Ko, Parame Sann

မန္တလေး၌ ဆန်နှင့် ဆေးဝါး ဝယ်ယူနေသူများ/ Photo – Nay Ko, Parame Sann

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်