မန္တလေးကျောက်ဝိုင်း မပိတ်ဘဲ ရောဂါကာကွယ်ရေး အရှိန်မြှင့် လုပ်ဆောင်ကာ ပုံမှန် ဖွင့်လှစ် ရောင်းဝယ်ခွင့် ပြုမည်

ဒီဒါင်းမေ၊ မတ် ၁၄

Covid-19 ရောဂါ ဂယက် ရိုက်ခတ်မှု ရှိသော်လည်း မန္တလေး ကျောက်ဝိုင်း ခေါ် မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းကို  ပိတ်မည် မဟုတ်ဘဲ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ပြီး ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ရောင်းဝယ်ခွင့် ပြုမည်ဖြစ်ကြောင်း ကျောက်ဝိုင်း တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

ကျောက်ဝိုင်း ပိတ်၊ မပိတ် ကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများ၊ ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီဝင်များ၊  နာယကများ၊ ကျောက်ဝိုင်း အလွှာအသီးသီး၏ ခေါင်းဆောင်များနှင့် ဆိုင်ခန်းပိုင်ရှင်များ ယနေ့ မတ်လ (၁၄) ရက်နေ့လည်ပိုင်းက ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီရုံးတွင် ဆွေးနွေးခဲ့သည်။

“ကျောက်ဝိုင်းသူဝိုင်းသားတွေရဲ့ အသံကို နားထောင်လိုက်တယ်။ ကျောက်သမားတွေရဲ့ အသံက လက်လုပ်လက်စားတွေများလို့ မပိတ်စေချင်ဘူး။ အဲ့ဒီလို တင်ပြကြတော့ အဲ့ဒီအသံကို အစိုးရကို ပေးရမှာပေါ့။ ဒီကျောက်ဝိုင်းကလည်း အစိုးရပိုင် ဖြစ်တဲ့အတွက် အစိုးရက လက်ရှိအချိန်အထိ တစ်ခုခု ဆုံးဖြတ်ချက် မချသေးဘူးပေါ့။ ဝိုင်းသူဝိုင်းသားတွေရဲ့ အသံက ဒီလိုရှိပါတယ်ဆိုတာ အစိုးရကို ပြောပြလိုက်မှာလေ။ ဒီကြားထဲမှာ ထပ်ပြီး ထူးခြားလာလို့ အစိုးရက ပိတ်ဆိုရင်လည်း ပိတ်ရမှာပေါ့။ လက်ရှိအခြေအနေ အတိုင်းကတော့ ပိတ်ပါလို့ အစိုးရက မပြောသေးဘူး။ ကျောက်သမားတွေကလည်း လောလောဆယ်မှာ မပိတ်စေချင်သေးဘူး” ဟု ‌မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက Mandalay In-depth News အား ပြောသည်။

အဆိုပါ ကျောက်ဝိုင်းအတွင်း နေ့စဉ် လူဦးရေ တစ်သိန်းခန့် ဝင်ထွက်သလို ကျောက်ဝိုင်း၏ အပြင်တွင်လည်း လူဦးရေ ငါးသောင်းခန့် အရောင်းအဝယ် ပြုလုပ်ကြသည်။ ကျောက်ဝိုင်းကို အမှီပြုသည့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် လက်လုပ်လက်စားများ ဖြစ်ပြီး ၎င်းတို့က ကျောက်ဝိုင်းကို ပိတ်စေလိုသည့် ဆန္ဒမရှိဟု ကျောက်ဝိုင်းတာဝန်ရှိသူများက ပြောသည်။

Covid-19 ရောဂါသည် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ရောဂါကြိုတင်ကာကွယ်ရေး သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်း အပါအဝင် ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မတ်လ (၁၃) တွင် ထုတ်ပြန်ထားသည်။

မန္တလေးကျောက်ဝိုင်းအတွင်း Covid-19ရောဂါ ကာကွယ်ရေးလုပ်ဆောင်နေစဉ်/ Photo- Than Htoo Aung Fb.

သို့သော် ဈေးများ ကျောင်းများကို ပိတ်သိမ်းစေခြင်း မရှိသေးသလို မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ တစ်ဦးမှ မရှိသေးဘဲ ပြည်သူများအနေဖြင့် စိုးရိမ်လွန်ကဲခြင်း မဖြစ်ကြရန် အစိုးရက အသိပေးထားသည်။ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဝန်ကြီးဌာန၏ အသိပေး ညှွန်ကြားချက်များကို အလေးထား လိုက်နာရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် မန္တလေးကျောက်ဝိုင်းအတွင်း Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ လက်ဆေးဂျယ်များ ထားရှိပေးခြင်းနှင့် ကျောက်ဝိုင်း ဝင်ထွက်ပေါက်များတွင် အဖျားတိုင်းစက်ဖြင့် စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု ကျောက်ဝိုင်းအကျိုး‌တော်ဆောင် ကော်မတီ တာဝန်ရှိသူများက ပြောသည်။

မန္တလေးကျောက်ဝိုင်းအတွင်း Covid-19ရောဂါ ကာကွယ်ရေးလုပ်ဆောင်နေစဉ်/ Photo- Than Htoo Aung Fb.

လက်ရှိတွင် အဖျားတိုင်းစက် (၁၀) ခုဖြင့် ရောဂါကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး မတ်လ(၁၅) ရက်မှ စတင်၍ အဖျားတိုင်းစက်များ ထပ်မံဝယ်ယူကာ တိုးချဲ့စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟု  ကျောက်ဝိုင်း တာဝန်ရှိသူများက ပြောသည်။

“ကာကွယ်ရေးအဖွဲ့ဆိုပြီး တစ်ဖွဲ့ကို အယောက် (၂၀)ပါတဲ့အဖွဲ့ ဖွဲ့တယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ကျောက်ဝိုင်းအပေါက် (၄)ပေါက်ကို (၄)ဖွဲ့လုပ်မယ်။ ပျံကျအခင်းဝိုင်းအဖွဲ့က ၅ ဖွဲ့လုပ်မယ်။ အခန်းတိုင်းမှာ ပညာပေးတွေ လုပ်မယ်။ ခင်းဝိုင်းတွေဘက် ထပ်ချဲ့မယ်။ လိုအပ်ရင် equipment (ပစ္စည်းကိရိယာ) တွေကအစ လူမှုရေးအဖွဲ့တွေရဲ့ ကားတွေ ready stand by (အမြဲအဆင်သင့်)ထားပြီး လိုအပ်တဲ့ဥစ္စာကို ဒီထက်ပိုအရှိန်မြှင့်လုပ်မယ်”ဟု မန္တလေးမြို့တော်စည်ပင် ကော်မတီဝင် ဦးကျော်ဇောအောင်က Mandalay In-depth News အား ပြောသည်။

Covid-19 ရောဂါကာကွယ်ရန်အတွက် ကျောက်စိမ်းကျောက်မျက် လုပ်ကိုင်သူများအနေဖြင့် ကျန်းမာရေး စစ်ဆေးမှု ခံယူပြီးမှ ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်ရန် ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီမှ အသိပေးထားသည်။

မန္တလေးကျောက်ဝိုင်းအတွင်း Covid-19ရောဂါ ကာကွယ်ရေးလုပ်ဆောင်နေစဉ်/ Photo- Than Htoo Aung Fb.

မန္တလေးကျောက်ဝိုင်းအတွင်း Covid-19ရောဂါ ကာကွယ်ရေးလုပ်ဆောင်နေစဉ်/ Photo- Than Htoo Aung Fb.

#Mandalay_Indepth_News

#Mandalay_News #မန္တလေးကျောက်ဝိုင်း

#ကျောက်စိမ်းကျောက်မျက် #မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်