စစ်ကိုင်းတံတားတွင် ကားတစ်စီးပေါ်မှ မူးယစ်ဆေးများ၊ ပစ္စတိုသေနတ်နှင့် K.N.P.A တံဆိပ်ပါ ယူနီဖောင်းအချို့ ဖမ်းမိ၊

အမျိုးသားလေးဦးကို ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးအမူဖွင့်ထား

အမ်တီ၊ ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၉

စစ်ကိုင်းတံတားတွင် ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်စဉ် ကားတစ်စီးပေါ်မှ ကျပ်သိန်း(၃၀၀၀)ကျော် တန်ဘိုးရှိ မူးယစ်ဆေးများ၊ ပစ္စတိုသေနတ်၊ သေနတ်ကျည်ဆံနှင့် K.N.P.Aတံဆိပ်ပါ ဗိုလ်ကြီးအဆင့် ဝတ်ဆင်သည့် ယူနီဖောင်းနှစ်ထည် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတံတားပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

အောက်တိုဘာ(၈)ရက် ညပိုင်းက စစ်ကိုင်း(အင်းဝ)တံတားပေါ်တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ရှာ ဖွေရေး ဆောင်ရွက်စဉ် မန္တလေးဘက်မှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသည့် အနက်ရောင် အိမ်စီးကား တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းတံတားပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသားလေးဦး လိုက်ပါလာသည့် Issansi မော်တော်ယာဉ်တစ်စီးကို ရှာဖွေစစ်ဆေးရာ ရှေ့ထိုင်ခုံရှိ ဒက်ရှ်ဘုတ်အတွင်းမှ (၉)မမ ပစ္စတို သေနတ်တစ်လက်နှင့် ကျည်(၆)တောင့်၊ ကျည်အိတ်တစ်ခု၊ ယာဉ်နောက်ခန်းမှ Karen National Pacific Association (K.N.P.A)တံဆိပ်ပါ ဗိုလ်ကြီးအဆင့် တပ်ဆင်ထားသည့် အစိမ်းရောင်နှင့် ပြောက်ကျား ယူနီဖောင်း အင်္ကျီနှစ်ထည်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

စစ်ကိုင်းတံတားပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

ထို့နောက် ယာဉ်ပေါ်ပါသူ အမျိုးသား(၄)ဦးကို စစ်ကိုင်မြို့မရဲ စခန်းသို့ ခေါ်ဆောင်ကာ ဆက်လက်စစ်ဆေးခဲ့ရာမှ ကားဘောဒီအတွင်း ထည့်သွင်သယ်ဆောင်လာသည့် ကာလပေါက်ဈေး ကျပ်သိန်း(၃၀၀၀)ကျော်တန် မူးယစ်ဆေးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မော်တော်ယာဉ်ကို ရှာဖွေရာတွင် ကားနောက်ခန်းနှင့် ကားဘော်ဒီအတွင်းမှ ဝါဖြူရောင် ဘိန်းဖြူဟု ယူဆရသော ရောင်စုံဆပ်ပြာခွက်(၁၆၄)ခွက်၊ အလေးချိန်(၁၆၄၀)ဂရမ် ကာလတန်ဖိုး ကျပ်(၁၆၄၀)သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော တံဆိပ်မပါ ပန်းရောင်ဆေးပြား(၁၄)ထုပ်၊ စုစုပေါင်း(၂၀၀၀၀)ပြား၊ အလေးချိန်(၂၀၀၀)ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း(၁၄၀၀)၊ ဘိန်းမဲထုပ်တစ်ထုပ်၊ အလေးချိန်(၆၀)ဂရမ်၊ ကာလတန်ဖိုး တစ်သိန်ရှစ်သောင်း၊ စုစုပေါင်း ကျပ်သိန်း(၃၀၄၀)နှင့် MDY RLG 6157 ယာဉ်နံပတ်ပြား အဝါရောင်(၂)ချပ်၊ MDY 7M/7374 ယာဉ်နံပတ်ပြား အနက်ရောင်(၂)ချပ်၊ ငွေကျပ်(၃၉)သိန်းနှင့် ဖုန်းဟန်းဆက်သုံးလုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတံတားပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓါတ်ပုံ - ရဲတပ်ဖွဲ့။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တရားမဝင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချရန် သယ်ဆောင်လာသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နေ အသက်(၃၀)ကျော်အရွယ် အမျိုးသားနှစ်ဦး၊ ရေဦးနှင့် အင်းတော်မြို့နေ အသက်(၂၀)ကျော်အရွယ် အမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးထားပြီး စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၁၅/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ၁၉(က)၊၂၀(က)၊၂၂(ခ)/၂၁ဖြင့် အမှု့ဖွင့်ထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတံတားပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓါတ်ပုံ – supply.

Leave a Reply

Your email address will not be published. Required fields are marked *