မန္တလေးတွင် ရဲတပ်သားတစ်ဦး လမ်းဘေးလဲကျကာ သေဆုံး

အမ်တီ၊ နိုဝင်ဘာ – ၄

မန္တလေးမြို့ အမရပူရမြို့နယ် တံတားဦး- အမရပူရသွား ကားလမ်း၊ ဘုန်းတော်နိုင်ငံကျေးရွာ မောင်းတံဂိတ်အနီးတွင် နိုဝင်ဘာ (၃)ရက် နံနက်အစောပိုင်းက  ရဲတပ်သားတစ်ဦး လမ်းဘေးတွင် လဲကျ သေဆုံးခဲ့ကြောင်း အမရပူရမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသူသည် တံတားဦးမြို့နယ် ချောင်းခွနယ်မြေရဲစခန်းမှ အသက်(၂၆)နှစ်အရွယ် ရဲတပ်သားဖြစ်ပြီး  အမရပူရကားလမ်း မောင်းတံဂိတ်အနီးတွင် လမ်းဘေးတောအတွင်းသို့ ဝင်ရောက်အပေါ့သွားပြီး လမ်းပေါ်သို့ ပြန်တက်လာစဉ် လဲကျ သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ရဲတပ်သားသည် အခြားရဲတပ်သား တစ်ဦးနှင့်အတူ စာပို့တာဝန်ဖြင့် နိုဝင်ဘာ(၂)ရက်က ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ပေးပို့မည့် စာများကို တံတားဦးမြို့မ ရဲစခန်းမှ ယူဆောင်သွားခဲ့သည်။ ထို့နောက် ပြန်လည်သတင်းပို့ခြင်း မရှိခဲ့ဘဲ နိုဝင်ဘာ(၃)ရက်၊ နံနက်(၁)နာရီဝန်းကျင်တွင် လမ်းဘေး မောင်းတံဂိတ်အနီး လဲကျခဲ့ကြောင်း အတူပါသည့် ရဲတပ်ဖွဲ့ဝင်က တံတားဦးမြို့မ ရဲစခန်းသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကြည့်ရှုု့ စစ်ဆေးရာ သတိလစ်နေသည်ကို တွေ့ရှိရပြီး တံတားဦးမြို့နယ် ဆေးရုံသို့ ပို့အပ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရဲတပ်သားသေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့မရဲစခန်းတွင် သေမူသေခင်း ဖွင့်လှစ်ထားကာ တံတားဦးမြို့နယ်ဆေးရုံတွင် ဆက်လက်စစ်ဆေးနေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများထံမှ သတင်းရရှိသည်။

၎င်းရဲတပ်သားသည် မူးယစ်ဆေး သုံးစွဲရာမှ ရှော့ဖြစ်ကာ သေဆုံးခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မူးယစ်ဆေးကြောင့် သေဆုံးခြင်း ဟုတ်၊မဟုတ် Mandalay In-depth news အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးရသည့် အကြောင်းအရင်း အတိအကျကို မသိရသေးဘဲ အလောင်းကို ယနေ့နေ့လည် (၁၂)နာရီမှ(၁)နာရီအထိ ရင်ခွဲစစ်ဆေးခဲ့သည်ဟု  တာဝန်ရှိသူတစ်ဦးက Mandalay In-depth news သို့  ပြောသည်။

“ဒီနေ့ အလောင်းကို ရင်ခွဲစစ်ဆေးတယ်။ အသားစတွေ၊ တခြားစစ်စရာရှိတာကို ဆက်ပြီး ဓါတ်ခွဲစစ်ဆေးမယ်လို့ ပြောတယ်။ အကြောင်းအရင်း အတိအကျ မသိရသေးပါဘူး”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ကားလမ်းဘေး လဲကျသေဆုံးခဲ့သည့် ရဲတပ်သားသည် ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ချောင်းခွရဲစခန်းမှ ဖြစ်ပြီး အမရပူရမြို့နယ်အတွင်း သေဆုံးမှုဖြစ်ပွားခြင်း ဖြစ်သည်။

.

Leave a Reply

Your email address will not be published. Required fields are marked *