အထင်ကရ ကျောက်ဆည်ဆင်ပြိုင်ပွဲ ဆုကြေးငွေ တိုးမြင့်မည်၊

ရိုးရာဓလေ့ဖြစ်၍ ကုန်ကျစရိတ်အရှုံးခံကာ ယှဉ်ပြိုင်နေခြင်းဖြစ်ဟု ဆင်အကအဖွဲ့တာဝန်ရှိသူပြော

မောင်မင်းမော် – အောက်တိုဘာ-၈

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပသည့် အထင်ကရ ပွဲတော်တစ်ခုဖြစ်သော ဆင်အကပြိုင်ပွဲတွင် ယခင်နှစ်ထက် ဆုကြေးငွေများ တိုးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ဆင်အကပွဲတော် ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဌ ဦးထွန်းမင်းဇော်က ပြောသည်။

ကျောက်ဆည်ဆင်အကပြိုင်ပွဲ ဆုရရှိသည့်အဖွဲ့များကို ယခင်နှစ်က ပေးအပ်ခဲ့သည့် ဆုကြေးထက် ပထမဆုကို ကျပ်နှစ်သိန်း၊ ဒုတိယဆုကို ကျပ်တစ်သိန်းနှင့် တတိယဆုကို ကျပ်ငါးသောင်းစီ တိုးမြှင့်ပေးအပ်မည့်အပြင် ဆုရဆင်အဖွဲ့များကို ကျပ်ဆယ်သိန်းကျော် တန်ကြေးရှိ ထိုင်းနိုင်ငံထုတ် CPL(110) အမျိုးအစား ဆိုင်ကယ် တစ်စီးစီကိုပါ ထပ်တိုး ချီးမြှင့်ပေးမည်ဟု ၎င်းက  ဆိုသည်။

ကျာက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ - ဘိုစည်။
Photo – Bo Si

“ဆုကြေးတွေက တိုးပေးထားပါတယ်၊ မနှစ်ကဆို ဘော်ကြယ်ဆင်ဆိုရင် (၁၈)သိန်းပေါ့။ အခု ဒီနှစ်တော့ အမျိုးအစားလေးမျိုးမှာ ပ၊ဒု၊တ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်း တိုးပေးထားပါတယ်”ဟု ဦးထွန်းမင်းဇော်က ပြောသည်။

ကျောက်ဆည် ဆင်အကပြိုင်ပွဲကို  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ရက်(အောက်တိုဘာ၁၂ရက်)တွင် ကျင်းပသည်။ ဆင်အကပြိုင်ပွဲတွင် ရိုးရာဆင်(အကြီးတန်း)၊ ရိုးရာဆင်(အငယ်တန်း-ကလေးဆင်)၊ ဘော်ကြယ်ဆင်နှင့် ဆင်နှင့်အနီးစပ်ဆုံးတူအောင် ကပြရသည့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား လေးမျိုး ထည့်သွင်းကျင်းပသည်။

ကျာက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ - ဘိုစည်။
Photo – Bo Si

ယခင်နှစ်က ကျင်းပခဲ့သည့် ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ရိုးရာဆင်(အကြီးတန်း)အတွက် ပထမဆု ကျပ်(၁၂)သိန်း၊ ဒုတိယဆု ကျပ်(၁၀)သိန်းနှင့် တတိယဆု ကျပ်(၈)သိန်း၊ ရိုးရာဆင် (အငယ်တန်း-ကလေးဆင်)တွင် ပထမဆု ကျပ်(၈)သိန်း၊ ဒုတိယဆု ကျပ်(၆)သိန်းနှင့် တတိယဆု ကျပ်(၄)သိန်းနှင့် ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ်(၈)သိန်းနှင့် တတိယဆုကျပ်(၆)သိန်း ချီးမြှင့်သည်။

ဆုကြေးငွေ တိုးမြှင့်ပေးအပ်မည့်အပေါ် ကြိုဆိုကြောင်း ၂၀၁၈ ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ဘောကြယ်ဆင်အက ပထမဆုရရှိခဲ့သူ ရွှေစင်မောင်ဆင်အဖွဲ့ ခေါင်းဆောင် ဦးစိုးရွှေက ပြောသည်။

ကျာက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ - ဘိုစည်။
Photo – Bo Si

သို့သာ် ဆုကြေးငွေမှာ ဆင်အဖွဲ့များ ပြိုင်ပွဲဝင်နိုင်ရန် ကြိုတင်ပြင်ဆင်ရသည့် ကုန်ကျစရိတ်ကိုပင် ကာမိခြင်းမရှိဘဲ  ဆင်အဖွဲ့များအနေဖြင့် ပြိုင်ပွဲဝင် ကုန်စရိတ် ကျပ်သိန်းတစ်ရာကျော် ရှိပြီး ဒေသချစ်စိတ်၊ ရိုးရာဓလေ့ကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒဖြင့်သာ အရှုံးခံ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်ဟု ဦးစိုးရွှေက ပြောသည်။

“အဓိကတော့ ကျောက်ဆည်သား ပီသချင်တာရယ်၊ အနော်ရထာမင်းရဲ့ ဂုဏ်ကျေးဇူးကို ဆပ်တဲ့ပွဲပေါ့။ ပိုက်ဆံလည်း မရဘူး၊ ရှုံးမှာပဲကွာ ဆိုပြီး မပြိုင်ဘဲထားရင် တစ်နိုင်ငံလုံးမှာမှ ဒီကျောက်ဆည်မှာပဲ ရှိတဲ့ ဆင်ပွဲကြီးဟာ မြင်ရတော့မှာ မဟုတ်ဘူး”ဟု ဦးစိုးရွှေက ဆိုသည်။

ပြိုင်ပွဲကျင်းပရာတွင် အမှတ်ပေး အကဲဖြတ်ဒိုင်များအဖြစ် ဒေသခံပညာရှင်များနှင့် ပြင်ပပညာရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများကိုမူ ပြောင်းလဲမှုမရှိဘဲ ယခင်နှစ်အတိုင်းသာ ဖြစ်သည်ဟု ဦးထွန်းမင်းဇော်က ဆိုသည်။

ကျာက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ - ဘိုစည်။
Photo – Bo Si

ကျောက်ဆည်ဆင်အကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်  နောက်ဆုံးစားရင်းပေးသွင်းရမည့် ရက်ကို အောက်တိုဘာ(၅)ရက်ဟု သတ်မှတ်ထားသော်လည်း ပြိုင်ပွဲဝင်များ၏ တောင်းဆိုချက်အရ  အောက်တိုဘာ(၉)ရက်သို့ ရက်တိုးမြှင့်ပေးခဲ့ပြီး ယနေ့အထိ စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင် ဆင်အကအဖွဲ့(၁၆)ဖွဲ့ ရှိသည်ဟု ဆင်အကပြိုင်ပွဲ ကျင်းပရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကိုကိုထွေးက အောက်တိုဘာ(၇)ရက်တွင် ပြောသည်။

ကျာက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ - ဘိုစည်။
Photo – Bo Si

ကျောက်ဆည် ဆင်အကပြိုင်ပွဲသည် ဆင်လှူပွဲမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆင်အကပြိုင်ပွဲအဖြစ် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ခန့် ရှိပြီဖြစ်ကြောင်း ဆင်အကပြိုင်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင် ကိုစိုးသီဟက ပြောသည်။ ထို့အပြင် နှစ်စဉ် ပြိုင်ပွဲဝင် ဆင်အကအဖွဲ့ (၂၀)ဝန်းကျင်ရှိပြီး ရိုးရာဆင်ပြိုင်ပွဲအတွက် နာမည်ကြီးသည့် အနုပညာရှင်များ ငှါးရမ်းကာ ယှဉ်ပြိုင်မှုများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။

ကျောက်ဆည်ဆင်အကပြိုင်ပွဲ ကျင်းပနေစဉ်။ ဓါတ်ပုံ – ဘိုစည်။

Leave a Reply

Your email address will not be published. Required fields are marked *