မန္တလေး ကျွဲဆည်ကန်ကားကြီးဝင်း အဆင့်မြင့်တင်မည်ဖြစ်၍ ယခုလအတွင်း ကားဝင်းနေရာ ပြောင်းရွှေ့မည်၊

တံခွန်တိုင်အဝိုင်းအနီး မြေ(၁၀)ဧကပေါ်တွင် ယာယီကားဝင်း တည်ဆောက်ထား

မောင်မင်းမော်၊ နိုဝင်ဘာ-၆

မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ယခု နိုဝင်ဘာလအတွင်း ကားဝင်းနေရာ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ကျွဲဆည်ကန် ကားကြီးဝင်းကို အထပ်မြင့် အဆောက်အဦးများ၊ ဟိုတယ်နှင့် ဈေးဝယ်စင်တာများ ပါရှိသည့် ကားဝင်းအဖြစ် အဆင့်မြှင့်တင်မည် ဖြစ်ပြီး လက်ရှိ ကားဝင်းအတွင်းရှိ ကားဂိတ်များအနေဖြင့် ပြည်ကြီးတံခွန်မြို့နယ် ၇၁လမ်းနှင့် ၇၃လမ်းကြား ၊မြို့မသစ်လွင်လမ်းနှင့် မြို့မဒင်္ဂါးလမ်းကြား တံခွန်တိုင်အဝိုင်းအနီးရှိ မြေဧက(၁၀)ပေါ်တွင် တည်ဆောက်ထားသည့် ယာယီကားဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

“ယာယီကားဝင်းက ဆောက်ပြီးပါပြီ။ ရွှေ့ရမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ မြို့တော်ဝန်နဲ့အဖွဲ့ စစ်လိုက်တဲ့အခါမှာ တချို့ ပြုပြင်သင့်တာလေးတွေ ရှိတယ်။ အဲ့တာလေးတွေကို ပြုပြင်ပေးဖို့ မှားခဲ့ပြီးပြီ။ အခု ပြုပြင်ပြီးလို့ M-Development ဘက်ကလည်း ရွှေ့ရမယ့်ရက် သတ်မှတ်ပေးဖို့ တင်ပြလာတဲ့ စာတစ်စောင် ရောက်လာပြီ။ အဲ့ဒီတော့ ဖြစ်နိုင်ခြေကတော့ ဒီ နိုဝင်ဘာလထဲမှာ ရွှေ့နိုင်အောင် ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မြေ(၁၅)ဧကခန့် ကျယ်ဝန်းသည့် ကျွဲဆည်ကန် ကားကြီးဝင်းကို အဆင့်မြင့်တင်ရန် M-Development Corporation (Myanmar) ကုမ္မဏီက မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် လက်ထက် ၂၀၁၅တွင် B.O.T (တည်ဆောက်၊ပြုပြင်၊လွှဲပြောင်း) စနစ်ဖြင့် နှစ်(၅၀) လုပ်ကိုင်ခွင့် ရထားသည်။

၂၀၁၇ တွင် ထုတ်ပြန်ခဲ့သည့် ကျွဲဆည်ကန်ကားဝင်း အဆင့်မြင့်တင်မည့် ပုံစံငယ်။

ကျွဲဆည်ကန် ကားဝင်းတွင် ဂိတ်ဖွင့်ပြေးဆွဲသည့် အဝေးပြေး ကားလိုင်းများ အနေဖြင့် ခေတ်မီကားကြီးများ အသုံးပြုလာသလို ကားအစီးရေ နှင့် ကားဂိတ်အရေအတွက် များပြားလာခြင်း၊ ပြည်ပခရီးသွားများ လာရောက်ခြင်းနှင့် ကားဝင်းကို အမှီပြု လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများ များပြားလာခြင်းတို့ကြောင့် လက်ရှိကားဝင်း အနေအထားနှင့် အဆင်ပြေမှု မရှိတော့ဘဲ အဆင့်မြင့်တင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.
ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.

ကျွဲဆည်ကန်ကားဝင်း အဆင့်မြင့်တင်နေချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်းသည် ကားအစီးရေ (၄၀)ခန့် တပြိုင်တည်း အဝင်အထွက် ပြုလုပ်နိုင်မည်ဖြစ်သလို ခရီးသည်တင် ဘတ်စ်ကား (၂၀၀)ကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်း M Development ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယာယီကားဝင်းသည် ခရီးသည် ဆင်းသက်ရမည့် နေရာ သတ်မှတ်ထားခြင်း၊ သန့်စင်ခန်းနှင့် ရေချိုးခန်းများကို နေရာ(၅)နေရာတွင် ပြုလုပ်ထားခြင်း၊ ခရီးသည်များ နားနေနိုင်ရန် ထိုင်ခုံအလုံး (၁၀၀၀) တပ်ဆင်ထားခြင်း၊ ကားလက်မှတ် အရောင်းဌာနများကို တစ်စုတဝေးတည်း ပြုလုပ်ထားခြင်း၊ ခရီးသည်ကြိုသည့် ဆိုင်ကယ်၊ သုံးဘီးနှင့် ကိုယ်ပိုင်ကားများအတွက် သီးသန့်ပါကင်များ ပြုလုပ်ထားပြီး မြန်မာနိုင်ငံတွင်း ပထမဆုံး စမ်းသပ်လုပ်ဆောင်သည့် အဆင့်မြင့် စီမံကိန်းတစ်ခုဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သို့သော် ကျွဲဆည်ကန်ကားဝင်းအတွင်း ဂိတ်ဖွင့်လှစ်ထားသည့် ယာဉ်လိုင်းများအနေဖြင့်မူ ကုန်ကျစရိတ်နှင့် ဂိတ်နေရာ ကျဉ်းမြောင်းသည့်အတွက် ယာယီကားဝင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် အခက်အခဲရှိကြောင်း ဂိတ်ပိုင်အချို့က ပြောသည်။

ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.
ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.

ယာယီကားဝင်းတွင် ကားဂိတ်ဝန်ထမ်းများအတွက် သီးသန့်နေရာနှင့် ကုန်ပစ္စည်းလက်ခံရန် နေရာ မရှိ၍ သီးခြားအဆောင်များ ငှါးရမ်းရမည်ဖြစ်ရာ ကုန်ကျစရိတ်ပိုများမည် ဖြစ်ပြီး ခရီးသည်များအတွက် လုံခြုံစိတ်ချရသည့် နားနေဆောင်များ မရှိသည့်အတွက် ဂိတ်အများစုအနေဖြင့် ပြောင်းရွေ့လိုခြင်းမရှိကြောင်း မန္တလေး-ရန်ကုန် ခရီးစဉ်အပါအဝင် အဝေးပြေးခရီးစဉ်များ ပြေးဆွဲနေသည့် အကယ်ဒမီ ကားဂိတ်ပိုင်ရှင် ဦးအေးဇော်က ပြောသည်။

“အဲ့ဒီကို ပြောင်းတဲ့အတွက် အကုန်မခံနိုင်တဲ့ဂိတ်တွက ရပ်ချင်ရပ်သွားမှာ။ အဲ့ဒါ ကျွန်တော် အပါအဝင်ပဲ။ ကျွန်တော် အခု ယာယီကွင်းကို ပြောင်းတဲ့အချိန်မှာ ဂိတ်ခန်းငှါးရမှာ အဆင်မပြေဘူးဆိုရင် ကျွန်တော့်ဂိတ် ရပ်ဖို့ထိ စီစဉ်ထားတယ်”ဟု ဦးအေးဇော်က ပြောသည်။

ထို့အပြင် ကျွဲဆည်ကန်ကားဝင်း အဆင့်မြင့်တင် တည်ဆောက်မည့် ဒီဇိုင်းပုံစံသည် လက်ရှိ ကားဝင်းဧရိယာ၏ သုံးပုံတစ်ပုံခန့်ကို ဈေးဝယ်စင်တာများ တည်ဆောက်မည်ဖြစ်ရာ ကားဝင်းဧရိယာ ကျဉ်းမြောင်းသွားမည်ဖြစ်၍ နှစ်ဖက်အဆင်ပြေနိုင်မည့် ဒီဇိုင်းပုံစံ ရေးဆွဲတည်ဆောက်ရန် စည်ပင်၊ တည်ဆောက်မည့် ကုမ္ပဏီနှင့် ကားဂိတ်ပိုင်ရှင်များ ညှိနှိုင်းခဲ့သော်လည်း  ပြေလည်ခြင်းမရှိသေးဟု  ၎င်းက ဆိုသည်။

ယာယီကားဝင်းသို့ ပြောင်းရွှေ့ရန် သတ်မှတ်သည့်ရက်တွင် နောက်ဆုံးကား ထွက်ခွာပြီးသည်နှင့် ကားဝင်းကို ပိတ်၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ စတင်လုပ်ဆာင်မည်ဖြစ်ပြီး မပြောင်းရွှေ့မီ (၁၆)ရက် အလိုတွင် ကားလက်မှတ် အရောင်းဌာန အခန်းများနှင့် အခြားဆိုင်ခန်းများကို မဲနှိုက်၍ နေရာချထားပေးမည်ဖြစ်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.
ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.

ကျွဲဆည်ကန်ကားကြီးဝင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများကို (၂)နှစ်အတွင်း အပြီးတည်ဆောက်ရန် မျှော်မှန်းထားကြောင်း M-Development ကုမ္မဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျွဲဆည်ကန်ကားကြီးဝင်းသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိပြီး မန္တလေးမြို့ပေါ်ရှိ အကြီးဆုံးနှင့် ခရီးသည် အဝင်အထွက် အများဆုံး အဝေးပြေးကားဝင်း ဖြစ်သည်။ မန္တလေးမြို့တော် စည်ပင်သာာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ ၂၀၁၅တွင် ကျွဲဆည်ကန် ကားဝင်းအတွင်း ဝင်ထွက်သွားလာသည့် ခရီးသည် နေ့စဉ်ပျှမ်းမျှ (၆၀၀၀)ကျော် ရှိသည်။

ကျွဲဆည်ကား ကားဝင်းအဆင့်မြင့်တင်ချိန် ပြောင်းရွှေ့ဖွင့်လှစ်မည့် ယာယီကားဝင်း။ Photo – Mg Min Maw.

Leave a Reply

Your email address will not be published. Required fields are marked *