မန္တလေး ကျောက်တော်ကြီးဘုရားပွဲတွင် ဓါးထိုးမူဖြစ်၊ အမျိုးသားနှစ်ဦးကို အမျိုးသားဆယ်ဦးခန့်မှ ဓါးထိုးဟုဆို

အမ်တီ၊ အောက်တိုဘာ-၁၃

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေတွင် ကျင်းပနေသည့် ကျောက်တော်ကြီး ဘုရားပွဲဈေးတွင် အောက်တိုဘာ(၁၂)ရက် ညပိုင်းက အမျိုးသားနှစ်ဦးကို အမည်မသိ အမျိုးသားဆယ်ဦးခန့်မှ ဓါးဖြင့်ထိုးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်၊ အုတ်စက်ရပ်နေ အသက်(၂၀)ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးသည် အောက်တိုဘာ(၁၂)ရက် ညပိုင်းက ကျောက်တော်ကြီးဘုရားပွဲသို့ သွားရောက်လည်ပတ်ခဲ့ရာမှ ဓါးထိုးခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ အမျိုးသားနှစ်ဦးသည် ဘုရားပွဲဈေး လည်ပတ်ပြီးနောက် ည(၁၁)နာရီခန့်တွင် စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရားကြားရှိ လမ်းပေါ်တွင် အချိုရည်ဗူးများအား ဘောလုံဖြင့် ပစ်ပေါက်ကစားသည့်ဆိုင်၌ ဝင်ရောက်ဆော့ကစားနေချိန် နောက်ကျောဖက်မှ ရန်ဖြစ်သံကြား၍ လှည့်ကြည့်ခဲ့ရာမှ အမည်မသိ အမျိုးသား(၁၀)ဦးခန့်က ဓါးဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဓါးထိုးခံရသည့် အမျိုးသားနှစ်ဦးမှာ လက်၊ နောက်ကျောနှင့် ချိုင်းအောက် နေရာများတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးဆေးရုံတွင် တက်ရောက်ကုသမူ ခံယူနေရသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အုတ်စက်ရပ်နေ အမျိုးသား၏ အကိုဖြစ်သူက ၎င်း၏ညီကို ဓါးဖြင့်ထိုးခဲ့သည့် အမည်မသိ အမျိုးသားများကို အရေးယူပေးရန် အမူဖွင့်တိုင်တန်းသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆/၃၄ (အပြင်းအထန် နာကျင်စေမူ) ဖြင့် အမူဖွင့်ခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းခဲ့ရာ ယနေ့ (အောက်တိုဘာ၁၃)တွင် အသက်မပြည့်သေးသူတစ်ဦး အပါအဝင် သံသယရှိသူ အမျိုးသား(၁၀)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား ခေါ် စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မဟာသကျမာရဇိန် ရုပ်ပွားတော်ကြီးအား ပူဇော်သည့် ကျောက်တော်ကြီးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၃)ရက်မှ လပြည့်ကျော် (၇)ရက်အထိ ကျင်းပသည်။ ကျောက်တော်ကြီးဘုရားပွဲသည် မြန်မာနိုင်ငံအထက်ပိုင်းတွင် ထင်ရှားစည်းကားသည့် ပွဲတော်ဖြစ်သည့်အလျှောက် နှစ်စဉ် မူခင်းဖြစ်စဉ်များလည်း ဖြစ်ပွားလေ့ရှိသည်။

ကျောက်တော်ကြီးဘုရားပွဲတော် ပွဲဈေးတန်း။ ဓါတ်ပုံ – အမ်တီ။

Leave a Reply

Your email address will not be published. Required fields are marked *