နေပြည်တော် ကျောက်မျက်ပြပွဲ ကျောက်စိမ်း ယူရိုသန်း ၅၀၀ ကျော်ဖိုး ရောင်းချရ၊

ပြည်တွင်း ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် အေးနေသော်လည်း နေပြည်တော်ပြပွဲ နောက်ဆုံးသုံးကြိမ်တွင် အများဆုံးရောင်းရသည့် ပမာဏဖြစ်

ပါရမီဆန်း၊ စက်တင်ဘာ-၂၇

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆယ်ရက်ကြာ ကျင်းပခဲ့သည့် နှစ်လည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း ရောင်းချရမူ ယူရိုငွေသန်း (၅၀၀)ကျော် ရှိခဲ့ကြောင်း ပြပွဲဗဟိုကော်မတီက သတင်းထုတ်ပြန်သည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ပြသရောင်းချခဲ့သည့် ကြမ်းခင်းဈေးအမြင့်ဆုံး ကျောက်စိမ်းတွဲ။ ဓါတ်ပုံ - မြန်မာ့ကျောက်မျက်။

၂၀၁၉ နှစ်လည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို စက်တင်ဘာ(၁၆)မှ (၂၅)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းကျောက်မျက် အတွဲ(၈၀၀၀)ကျော် ပြသရောင်းချခဲ့ကာ ပြည်တွင်း၊ပြည်ပ ရတနာကုန်သည် (၅၀၀၀)ကျော် တက်ရောက်ဝယ်ယူခဲ့ကြသည်။

ပြပွဲတွင် ပြသရောင်းချသည့်  ကျောက်စိမ်းတွဲ (၇၈၁၁)တွဲ အနက် (၅၈၄၅)တွဲကို ယူရို(၅၀၆)သန်းကျော်ဖြင့် လည်းကောင်း၊ ကျောက်မျက်(၄၈၁)တွဲအနက် (၄၀)တွဲကို ယူရိုငွေ (ဝဒသမ၃၇)သန်းကျော်ဖြင့် လည်းကောင်း ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်မျက်ပြပွဲ ကျင်းပရေး ဗဟိုကော်မတီမှ သတင်းထုတ်ပြန်သည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းကျောက်မျက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ရာ တင်ဒါတင်သွင်းနေသူများနှင့် တင်ဒါစိစစ်နေသည့် ဝန်ထမ်းများ။ ဓါတ်ပုံ - မြန်မာ့ကျောက်မျက်။

၂၀၁၉ နှစ်လည် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ယူရိုသန်း(၅၀၀)ကျော်ဖိုး ရောင်းချနိုင်ခဲ့ခြင်းမှာ ကျောက်မျက်ပြပွဲ နောက်ဆုံးသုံးကြိမ်တွင် အများဆုံး ရောင်းချရသည့် ပမာဏဖြစ်သည်။ ကျောက်မျက်ရမူ ပမာဏမှာမူ ယူရို(ဝဒသမ၅)သန်း အောက်အထိ ကျဆင်းခဲ့သည်။

မန္တလေး ကျောက်စိမ်းဈေးကွက် အပါအဝင် ပြည်တွင်း ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် အေးနေသော်လည်း ပြသရောင်းချသည့် ကျောက်စိမ်းတွဲများတွင် အရည်အသွေးကောင်း၊ ဈေးမြင့်သည့် ကျောက်စိမ်းများ ပါဝင်သဖြင့် ယခုကဲ့သို့ ဈေးကောင်းရခြင်း ဖြစ်ကြောင်း ပြပွဲတက်ရောက်ဝယ်ယူခဲ့သူ မန္တလေးမြို့ခံ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကျောက်စိမ်းတွဲများကို ဈေးကောင်းပေး ဝယ်ယူသူအများစုမှာမူ ယခင်ကဲ့သို့ပင် တရုတ်ကုန်သည်များ ဖြစ်ကြောင်းလည်း မန္တလေးမြို့ခံ ကျောက်မျက်ကုန်သည်များက ဆိုသည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းကျောက်မျက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ရာ တင်ဒါတင်သွင်းနေသူများနှင့် တင်ဒါစိစစ်နေသည့် ဝန်ထမ်းများ။ ဓါတ်ပုံ - မြန်မာ့ကျောက်မျက်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျောက်မျက်ပြပွဲဗဟိုကော်မတီသည် ကျောက်စိမ်းကျောက်မျက်မျက်အား ပြသရောင်းချသည့် ကျောက်မျက်ပြပွဲများကို နေပြည်တော်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။ ကျောက်မျက်ပြပွဲများကို ယူရိုငွေဖြင့်ရောင်းချသည့်ပွဲ၊ ကျပ်ငွေဖြင့် ရောင်းချသည့်ပွဲဟု ခွဲခြားကျင်းပပြီး တစ်နှစ်လျှင် သုံးကြိမ်ခန့်အထိ ကျင်းပသည်။

၂၀၁၈အတွင်းက ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းကျောက်မျက် ယူရိုငွေ (၄၂၄)သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် (၅၆)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင်လည်း ကျောက်စိမ်းကျောက်မျက် ရောင်းချနိုင်မူ ယူရိုငွေ (၄၇၅)သန်းကျော်ဖိုးသာ ရှိခဲ့သည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းကျောက်မျက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ရာ တင်ဒါတင်သွင်းနေသူများနှင့် တင်ဒါစိစစ်နေသည့် ဝန်ထမ်းများ။ ဓါတ်ပုံ – မြန်မာ့ကျောက်မျက်။

#Mandalay_Indepth_News

Mandalay_News #Jade #Gems #Naypyitaw

Leave a Reply

Your email address will not be published. Required fields are marked *