ပြင်ဦးလွင် X-Ray စက်မှ ဝန်ထမ်းတစ်ဦး လာဘ်စားကြာင်း ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူ ၆၆(ဃ)ဖြင့် အမူဖွင့်ခံရ

ဘုံကမ္ဘာထွန်း၊ စက်တင်ဘာ-၈

ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုးကားလမ်းမပေါ်ရှိ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးသည့် X-Ray ရိုက်စက် (ပြင်ဦးလွင်)တွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဂျူတီစာရွက် မပြည့်စုံဟုဆိုကာ ကုန်တင်ယာဉ်တစ်စီးထံမှ ကျပ်သိန်း(၅၀)တောင်းယူကြောင်း လူမူကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သူ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမူဖွင့်ခံရသည်။

“မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့ X-ray စက်တွင် (6-9-19) ညနေသုံးနာရီခန့်တွင်  အဆင်း ၁၂ဘီးကား တစ်စီးအား ဂျူတီစာရွက် တောင်းကြည့်ပြီး ကွဲလွဲမှုရှိဟုဆိုကာ  သိန်း(၅၀) အဂတိလိုက်စား လာဘ်စားမှု ဖြစ်ပွါးခဲ့ပါသည်”ဟု ရေးသားခဲ့သော “ကိုတောင်သာ ကိုတောင်သာ” ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် တောင်သာမြို့နေ ကိုတင်နိုင်ထွန်း ဆိုသူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အဆိုပါ X-Ray စက်တွင် တာဝန်ကျသည့် ဒု-ရဲမှူးချိုနိုင်ဝင်းက ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်ရဲစခန်းတွင် အမူဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထိုသို့ လာဘ်စားကြောင်း ရေးသားခြင်းသည် Mobile X-Ray စက်တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူလူထုမှ အထင်လွဲမှားမူဖြစ်စေရန် မမှန်မကန်ရေးသားဖော်ပြခြင်းဖြစ်၍ အကောင့်ပိုင်ရှင် ကိုတင်နိုင်ထွန်းအား အရေးယူပေးရန် စက်တင်ဘာ(၇)ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ရဲစခန်းမှ အမူဖွင့်ကာ ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“ကိုတောင်သာ ကိုတောင်သာ” အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူက စက်တင်ဘာ(၆)ရက် ညနေပိုင်းတွင် ပြင်ဦးလွင် X-Rayစက် တာဝန်ကျ ဝန်ထမ်းက ကားတစ်စီးထံမှ ကျပ်သိန်း(၅၀)တောင်းယူကြောင်း ရေးသားဖော်ပြခဲ့ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုပါက ကားနံပါတ်၊ ငွေပေးရန် ညှိနှိုင်းပေးခဲ့သူ၏ ဖုန်းနံပါတ်များပါ ဖော်ပြမည်ဖြစ်ကြောင်း၊ အဆိုပါ X-Ray စက်ကို ဖြတ်၍ တရုတ် ဘီယာတင်ဆောင်လာသည့် ကားများ ဖြတ်သန်းနေကြောင်းနှင့် မသင်္ကာကားတစ်စီးထံမှ ဒု-ရဲအုပ်တစ်ဦးက ကျပ်သိန်း(၃၀)တောင်းယူခဲ့သည့် အထောက်အထားများ ရှိကြောင်း စက်တင်ဘာ(၆)ရက် ညနေပိုင်းတွင် ရေသားဖော်ပြခဲ့ကာ သူ၏ အမည်ရင်း၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံကိုပါ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

“မမှန်မကန် ရေးသားပါက  ကိုယ်ပြန်ပြီး အမှုပါတ်မည်ကို သိသော်လည်း  လာဘ်စားနေသည့် အကျင့်ပျက်ဝန်ထမ်းများ ရှိနေသ၍  နိူင်ငံတော် တိုးတက်မှု နှောင့်နှေးနေအုန်းမည် ဆိုတာ  အများပြည်သူနဲ့ သက်ဆိုင်ရာဌာန အကြီးအကဲများ သိစေရန်  ရေးသားတင်ပြအပ်ပါသည်”ဟုလည်း ရေးသားထားသည်။

အဆိုပါ ရေးသားဖော်ပြမူနှင့်ပတ်သက်၍ ၎င်း X-Ray စက်တွင် တာဝန်ကျသည့် ဒု-ရဲမှူးချိုနိုင်ဝင်းမှ စက်တင်ဘာ(၆)ရက် ညကိုးနာရီကျော်အချိန်တွင် “ကိုတောင်သာ ကိုတောင်သာ” ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ကိုတင်နိုင်ထွန်းထံ ဆက်သွယ်၍ အကျိုးအကြောင်း မေးမြန်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ မေးမြန်းရာ ကိုတင်နိုင်ထွန်းက ၎င်း၏ မိတ်ဆွေ ကိုဆံရှည် မောင်းနှင်သည့် (၁၂)ဘီးကားထံမှ အသားဖြူဖြူ နှစ်ပွင့်နှင့် အရာရှိတစ်ဦးက ငွေကျပ်သိန်း(၅၀) တောင်းယူခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှ ငွေကြေးကိစ္စအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် အမျိုးသမီးထံ ဆက်သွယ်မေးမြန်းရာတွင် မည်သူ့မျှ ငွေပေးရခြင်းမရှိကြောင်းနှင့် ၎င်းကိုယ်တိုင်မှာ ကျန်းမာရေးမကောင်း၍ အိပ်ယာတွင် လှဲနေကြောင်း ပြန်လည်ဖြေကြားခဲ့သလို ကိုဆံရှည်ဆိုသူထံ ဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း ဒု-ရဲမှူးချိုနိုင်ဝင်းထံ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိဟု ဆိုသည်။ ထို့အတွက် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အများပြည်သူ အထင်အမြင်လွဲမှားစေရန် မမှန်မကန်ရေးသားသည့် “ကိုတောင်သာ ကိုတောင်သာ” ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို ဒု-ရဲမှူးမှ အမူဖွင့်ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“တင်လိုက်တဲ့အတွက် ၆၆(ဃ)နဲ့ အဆွဲခံရမယ် ဆိုတာလည်း နားလည်တယ်။ ထင်လည်း ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က မခံချင်လို့ အမှန်တရားတခုကို မခံချင်လို့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝက်ဝံစခန်းက ကျွန်တော့်ကို အကြောင်းကြားတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ အာမခံမယ့်လူပါ ခေါ်ခဲ့ပေါ့။ ကျွန်တော်တို့ အမှန်တိုင်းဖြစ်အောင် လုပ်ပေးမယ်ပေါ့ အဲ့လိုတော့ ပြောပါတယ်”ဟု ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမူဖွင့်ခံထားရသူ “ကိုတောင်သာ ကိုတောင်သာ” အကောင့်ပိုင်ရှင် ယာဉ်မောင်း ကိုတင်နိုင်ထွန်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *