မန္တလေးမြို့ ကျောက်မီးရွာအနီး ယာဉ်တိုက်မှု နှစ်ဦးသေဆုံးကာ (၁၁)ဦး ဆေရုံရောက်

MI News၊ အောက်တိုဘာ-၂၁

မန္တလေးမြို့ ကျောက်မီးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင် ဟိုင်းလပ်ကားနှင့် ထော်လာဂျီတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာသူ (၁၁)ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေး-ပြင်ဦးလွင် ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်နှင့် ကျောက်တင်သည့် ထော်လာဂျီယာဉ်တို့ မန္တလေး-ပြင်ဦးလွင်ကားလမ်း ကျောက်မီးရွာထိပ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ လမ်းဘေးရပ်ထားသည့် ထော်လာဂျီကို မန္တလေး-ပြင်ဦးလွင် ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်မှ အရှိန်းမထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်အမျိုးသားနှစ်ဦး သေဆုံးကာ ယာဉ်မောင်းနှစ်ဦး အပါအဝင် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံများကမူ ဟိုင်းလပ်ယာဉ်မောင်း အပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးသည်ဟု ဆိုသည်။

Photo – K Htun

ယာဉ်နှစ်စီးမှာ အရှိန်ပြင်းစွာ တိုက်မိခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ စေတနာမွန်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ဒီနား(အခင်းဖြစ်နေရာ)က လူတွေ ပြောကြတာကတော့ အရှိန်က တော်တော်များတယ်လို့ ပြောတယ်။ ကျောက်ကားက နောက်ဆုတ်တာဆိုလားပဲ။ ကျွန်တော်တို့လည်း ရဲတွေ ဘာတွေစစ်ဆေးပြီးမှ ရောက်သွားတာဆိုတော့ သေချာတော့မသိဘူး။ လူနာတွေကိုတော့ ဆေးရုံကြီးကိုပို့ထားပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိလောက်ပါဘူး”ဟု ၎င်းက ပြောသည်။

Photo – K Htun

၎င်းယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်အမှုစစ်ဌာနမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျှက်ရှိပြီး ယာဉ်မဆင်မဆင်မောင်းနှင်သူကို အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုများကြောင့် လစဉ် လူ(၁၀)ဦးကျော်၊ နှစ်ရက်လျှင် လူတစ်ဦးခန့် သေဆုံးလျှက် ရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်