မန္တလေးတွင် သက်ငယ်မုဒိန်းမှုဖြစ်၊ (၈)နှစ်အရွယ် မိန်းကလေးကို အိမ်နီးချင်း (၁၅)နှစ်သားက အဓမ္မပြုကျင့်

အမ်တီ၊ အောက်တိုဘာ-၂၅

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်တွင် အောက်တိုဘာ(၂၄)ရက် ညဦးပိုင်းက သက်ငယ်မုဒိန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ ညေင်ကွဲရပ်ကွက်တွင် နေထိုင်သည့် ဒုတိယတန်းကျောင်းသူ အသက်(၈)နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီးချင်းဖြစ်သူ အသက်(၁၅)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၄)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ(၂၄)ရက် ည(၇)နာရီခန့်က အဆိုပါ မိန်းကလေးငယ်သည် တီဗွီကြည့်ရန်ဟုဆိုကာ နေအိမ်ဘေးရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခဲ့ရာမှ အိမ်နီးချင်းဖြစ်သူ အသက်(၁၅)နှစ်အရွယ် နိုင်းကိုကိုဦး ဆိုသူက ခြိမ်းခြောက်ကာ ချုံပုတ်တစ်ခုအတွင်း ပွေ့ချီခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ မိန်းကလေးငယ်၏ အဒေါ်က ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ပြီး အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်ခဲ့သည့် နိုင်းကိုကိုဦးကို ဖမ်းဆီးကာ အမှတ်(၄)ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၃၆၃ (အဓမ္မပြုကျင့်မှု၊ လူခိုးမှု) ဖြင့် အမှုဖွင့်ထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆သည် အဓမ္မပြုကျင့်မှုဖြစ်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ဆယ်နှစ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၆၃ မှာ လူခိုးမှုဖြစ်ကာ ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်