မြဝတီမင်းကြီးကျောင်း ဆရာတော်အား တပ်မတော်အရာရှိက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုမှု ရုံးထုတ်စစ်ဆေး

ကိုယ်တိုင်ခံဝန် လက်မှတ်ထိုးကာ ကျပ်သိန်း(၁၀၀)ဖြင့် အာမခံရ

မောင်မင်းမော်၊ နိုဝင်ဘာ – ၇

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုအပေါ် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက လက်ခံခဲ့ပြီး ပုဒ်မ (၅၀၀)ဖြင့် အမူဖွင့် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသသည် သတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူး ဖြေဆိုရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည့် စကားအသုံးအနှုံးများ ပြောဆိုသည်ဟုဆိုကာ ဆရာတော်အား အရေးယူပေးရန် မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက  စက်တင်ဘာလဆန်းပိုင်းက ပြည်ကြီးတံခွန်တရားရုံးသို့ ဦးတိုက်လျောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ လာရောက်အမှုရင်ဆိုင်သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ/ Photo - Mg Min Maw (Mandalay Indepth News)
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ လာရောက်အမှုရင်ဆိုင်သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသ/ Photo – Mg Min Maw (Mandalay Indepth News)

အဆိုပါ တပ်မတော်အရာရှိ၏ ဦးတိုက်လျောက်ထားမှု့ကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၅၀၀)ဖြင့် အမှုကို လက်ခံခဲ့ပြီး ယနေ့ နိုဝင်ဘာ(၇)ရက် ရုံးချိန်းတွင် ဆရာတော်အား တရားရုံးသို့ဆင့်ခေါ်ကာ သံဃာတော်တစ်ပါး ဖြစ်သည့်အတွက် ကိုယ်တိုင်ခံဝန်ဖြင့် ကျပ်သိန်းတစ်ရာတန် အာမခံပေးခြင်းဖြစ်ကြောင်း တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအောင်ကျော်ဦးက ပြောသည်။

“ကိုယ်တိုင်ခံဝန်နဲ့ ပေးထားတာပါ့။ ဆရာတော် မို့လို့လေ၊ ကျန်တဲ့ လူတွေဘာတွေဆို အာမခံမပေးပါဘူး။ ကျောင်းတိုက်ထဲမှာနေတဲ့ ဆရာတော်ဆိုတော့ ဂုဏ်သရေရှိတဲ့သူမို့လေ” ဟု ပြည်ကြီးတံခွန်မြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအောင်ကျော်ဦးက ပြောသည်။

တိုက်းပြည်အတွက် ကောင်းမည့် စကားများကိုသာ ပြောဆိုခဲ့ခြင်းပြီး တရားစွဲဆိုမှုအပေါ် နိုင်ငံသား အခွင့်အရေးအတိုင်း ပြန်လည်ချေပမည်ဟု တရားရုံးသို့ လာရောက်ကာ အာမခံရယူခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်သည်။

“ဘုန်းကြီးတို့ကတော့ ဘာဝတ်ဝတ် နိုင်ငံသားလို့ ခံယူထားတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံရဲ့ ဥပဒေကိုလိုက်နာရမှာ။ တရားရေးအရ ဆွဲပိုင်ခွင့်ရှိတယ်၊ ဆွဲပါ။ ဒါကို ဘုန်းကြီးတို့ဘက်ကလည်း နိုင်ငံသား အခွင့်အရေးအတိုင်းပဲ ပြန်ချေပသွားမယ်။ နိုင်ငံကို ထိန်းကျောင်းပြုပြင်ရမယ့် တာဝန်၊ ပြည်သူကိုကာကွယ်ဖို့ တာဝန် ဘုန်းကြီးတို့မှာ ရှိတယ်”ဟု ဆရာတော်က မိန့်သည်။

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ လာရောက်သည့် တရားလို ဒု-ဗိုလ်မှူးကြီး သော်တာထွေး/ Photo – Mg Min Maw (Mandalay Indepth News)

အဆိုပါ အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်း တပ်မှူး ဒု-ဗိုလ်မှူးကြီး သော်တာထွေးကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

ယင်းအမှုနှင့်ပတ်သက်၍ နိုဝင်ဘာ(၂၂)ရက်တွင် ဆက်လက်ရုံးချိန်း ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း  ပြည်ကြီးတံခွန်မြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ လာရောက်အမှုရင်ဆိုင်သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ/ Photo - Mg Min Maw (Mandalay Indepth News)
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ လာရောက်အမှုရင်ဆိုင်သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသ/ Photo – Mg Min Maw (Mandalay Indepth News)

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ သည် သူတစ်ပါးအား နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ပုံသဏ္ဍာန်အားဖြင့် ဖြစ်စေ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ပြုလုပ်မူအပေါ် စွဲဆိုသော ပုဒ်မ ဖြစ်သည်။ ယင်းပုဒ်မသည် ရဲအရေးမပိုင်ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားသော ပုဒ်မဖြစ်ကာ ကျူးလွန်ပါက ထောင်ဒဏ် (၂)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း တပ်မတော်ကို ဝေဖန်သည့် စာများ လူမူကွန်ယက်တွင် ရေးသားခဲ့သည်ဟုဆိုကာ မန္တလေးမြို့တွင် သီတင်းသုံးနေထိုင်သည့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတအား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သေးသည်။ အဆိုပါ ဦးတိုက်လျှောက်ထားမူနှင့် ပတ်သက်၍ ဇူလိုင်လတွင်  မြို့နယ်တရားရုံးက အမူကို ပလပ်ခဲ့သည်။

.

Leave a Reply

Your email address will not be published. Required fields are marked *