ဦးစိုးထွန်းရှိန် အမှု အမြင့်ဆုံးပြစ်ဒဏ် ထောင်(၁၀)နှစ်နှင့် ငွေကျပ်သိန်း(၅၀) ချမှတ်နိုင်

တေဇ၊ နိုဝင်ဘာ-၇

မန္တလေးသို့ ဖမ်းဆီးခေါ်ဆောင်လာသည့် တရားခံပြေး ဦးစိုးထွန်းရှိန်ကို မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ရာ ယင်းပုဒ်မအရ အမြင့်ဆုံးပြစ်ဒဏ် ထောင်(၁၀)နှစ်နှင့် ငွေကျပ်သိန်း(၅၀) ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ဧက(၆၁၀၀)ကျော် ကျယ်ဝန်းသော အကြီးစား ရွှေလုပ်ကွက်ကို တူးဖော်လုပ်ကိုင်ခွင့် ရရှိခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္မဏီ ဥက္ကဌ ဦးစိုးထွန်းရှိန် (၄၇)နှစ်သည် ရွှေတူးဖော်လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရပြီးချိန်အထိ ဆက်လက်တူးဖော်လုပ်ကိုင်နေသဖြင့် ၂၀၁၈ သြဂုတ်လတွင် ရမည်းသင်းမြို့မ ရဲစခန်း၌ မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ခံရသည်။

၂၀၁၅ ဒီဇင်ဘာတွင် အတည်ပြုခဲ့သည့် မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃၀(က)အရ မည်သူမဆို ဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ပေးသည့် သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း သို့မဟုတ် ဆင့်တက်ပြုပြင်ခြင်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်(၁၀)နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း(၅၀)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ဦးစိုးထွန်းရှိန်ကို မန္တလေးလေဆိပ်သို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်။ Photo – Kaung Zaw Hein.

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္မဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်သည် အမှုရင်ဆိုင်ခြင်း မရှိဘဲ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကာ နိုဝင်ဘာ(၆)ရက်တွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံမှတဆင့် မန္တလေးမြို့သို့ ခေါ်ဆောင်လာခဲ့သည်။

လက်ရှိတွင် ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ၊ ရဲမှူးကြီး မျိုးသူစိုး၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူများနှင့် ရမည်းသင်းမြို့မ ရဲစခန်းမှူး ဒု-ရဲမှူးလှိုင်ထွေး တို့ထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

ရမည်းသင်းမြို့မရဲစခန်းမှူး ဒု-ရဲမှူးလှိုင်ထွေးက ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ “သတင်းအချက်အလက် ဘာမျှမရသေးကြောင်း” နိုဝင်ဘာ(၆)ရက် ညနေ(၃)နာရီကျော်အချိန်က Mandalay In-depth News သို့ တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။

ဦးစိုးထွန်းရှိန်ကို မန္တလေးလေဆိပ်သို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်။ Photo – Kaung Zaw Hein.

ဦးစိုးထွန်းရှိန် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစား ရွှေတူးဖော်ရေးလုပ်ကွက်ကို နှစ်ရှည်လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္မဏီဖြစ်သည်။

မိုးထိမိုးမိရွှေလုပ်ကွက်သည် ဧက (၆၁၀၀) ကျော် ကျယ်ဝန်းပြီး တစ်လလျှင် ရွှေပိဿာချိန် (၉၀)ကျော် ထုတ် လုပ်နိုင်ကာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ တွင် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း၊ သို့သော် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္မဏီအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များ ပေးသွင်းနိုင်ခြင်းမရှိဘဲ ရွှေပိသာချိန် (၁၀၀၀)ကျော် အကြွေးကျန်နေသည့်အတွက် ၂၀၁၇တွင် ရွှေတူးဖော်ခွင့် ရပ်ဆိုင်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ရွှေတူးဖော်ခွင့် ပိတ်ပင်ခံရပြီးနောက် ဆက်လက်တူးဖော်နေသဖြင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္မဏီ ဥက္ကဌ ဦးစိုးထွန်းရှိန် အပါအဝင် အမျိုးသား(၄)ဦးကို ၂၀၁၈ သြဂုတ်လတွင် ရမည်းသင်းမြို့မရဲစခန်း၌ သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ခဲ့သည်။

ရဲတပ်ဖွဲ့က တရားခံပြေးများအဖြစ် ထုတ်ပြန်ခဲ့သည့် ဦးစိုးထွန်းရှိန်နှင့် အမျိုးသားသုံးဦး။ Photo – ရဲဇာနည်

ထို့နောက် ၂၀၁၉ မေလ(၃၁)ရက်တွင် ရမည်းသင်းမြို့မရဲစခန်း (ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော ဦးစိုးထွန်းရှိန် (၄၇)နှစ်၊ အမှတ်(၄၂/ဘီ) ၊(၉)မိုင်၊ မစိုးရိမ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂၁/၂၃)၊ ဓမ္မာရုံလမ်း၊ ကန်တော်လေး(တောင်)ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁၀၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကုမ္မဏီတာဝန်ရှိသူများ ဖြစ်သည့် ညီညီလွင်(၄၅)နှစ်၊ အနောက်မြောက် ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ခင်ဇော်(၅၆)နှစ်၊ ကျောက်ပုထိုး ကျေးရွာ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းမင်းစိုး(၃၃)နှစ်၊ ကွံကြီးကုန်းကျေးရွာ၊ နတ်မောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စောမောင်(၃၁)နှစ် ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်တို့ကို  တရားခံပြေးအဖြစ် ကြေညာကာ တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ကြေညာခဲ့သည်။

ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးရမိသော်လည်း အခြားအမျိုးသား(၃)ဦးကို ဖမ်းဆီးရမိခြင်း ရှိ၊မရှိ ဆိုသည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါ။

ဦးစိုးထွန်းရှိန်ကို မန္တလေးလေဆိပ်သို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်။ Photo – Kaung Zaw Hein.

Leave a Reply

Your email address will not be published. Required fields are marked *