အမရပူရတွင် ကျည်ဆံနှင့် လေသေနတ်သုံး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

အမ်တီ၊ အောက်တိုဘာ-၉

အမရပူရမြို့နယ် ပန်းချီကျေးရွာအနီးရှိ ချောင်ရိုးစပ်တွင် တွေ့ရသော လက်ဆွဲအိတ်အတွင်းမှ သေနတ်ကျည်ဆံများ အပါအဝင် လေသေနတ်အစိတ်အပိုင်းအဖြစ် ယူဆရသော ဆက်စပ်ပစ္စည်းအချို့ အောက်တိုဘာ(၇)ရက်က သိမ်းဆည်းရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ အမရပူရမြို့နယ် ပန်းချီကျေးရွာတွင် အောက်တိုဘာ(၇)ရက် ညပိုင်းက လက်ဆွဲအိတ်အတွင်းမှ ကျည်ဆံများ တွေ့ရှိကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၂)အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းကျေးရွာအနီး ချောင်းရိုးစပ်တွင် ရေစိုနေသော လက်ဆွဲအိတ်တစ်လုံးကို တွေ့ရှိခြင်းဖြစ်သည်။

အမရပူရမြို့နယ် ပန်းချီကျေးရွာ ချောင်းရိုးစပ်တွင် တွေ့ရသည့် လက်ဆွဲအိတ်အတွင်းမှ သိမ်းဆည်းရမိခဲ့သည့် ကျည်ဆံနှင့် လေသေနတ်သုံး ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ - အမ်တီ။

အဆိုပါ လက်ဆွဲအိတ်အတွင်းမှ ပွိုင့်(၂၂)ဟုယူဆရသော သေနတ်ကျည်ဆံ တစ်ဗူးလျှင် (၅၀)တောင့်စီပါ (၂၂)ဗူး စုစုပေါင်း (၁၁၀၀)၊ ပွိုင့်(၂၂)ကျည်ထက် အနည်းငယ်ပိုကြီးသော လေ့ကျင့်ရေးကျည်(၈၀)တောင့်၊ လေသေနတ်ကျည်ခဲသီးဗူး တစ်ဗူး၊ ဖန်ဖြင့်ပြုလုပ်ထားသည့် ဘောသီးများထည့်ထားသော ကော်ဗူးတစ်ဗူး၊ လေသေနတ်တိုက်တံဟု ယူဆရသော သံချောင်းတစ်ချောင်း၊ လေသေနတ် အစိတ်အပိုင်းဟုယူဆရသော အရှည်(၄)လက်မခန့်ရှိ သံထည်ပစ္စည်းတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သိမ်းဆည်းရမိခဲ့သည့် ကျည်ဆံနှင့် လေသေနတ်သုံး ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ - အမ်တီ။

အဆိုပါ သေနတ်ကျည်ဆံနှင့် လေသေနတ်သုံး ဆက်စပ်ပစ္စည်းအချို့ တွေ့ရှိမူနှင့်ပတ်သက်၍ မြို့နယ်ရဲစခန်းမှ ဆက်လက်စုံစမ်း ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိခဲ့သည့် ကျည်ဆံနှင့် လေသေနတ်သုံး ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ – အမ်တီ။

Leave a Reply

Your email address will not be published. Required fields are marked *