အဂတိမူဖြင့် ဖမ်းဆီးထားသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတွင် ရုံးထုတ်စစ်ဆေး

မောင်မင်းမော် ၊ အောက်တိုဘာ-၉

ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  အဂတိလိုက်စားမူ ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် အမူဖွင့် ဖမ်းဆီးထားသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့ကို ယနေ့(အောက်တိုဘာ၉ရက်)တွင် မန္တလေးတိုင်းတရားလွှတ်တော်၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့သည် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းအပါအဝင် ရေအားလျှပ်စစ် လုပ်ငန်းများ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ (၂၆)ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမူဖွင့်ဖမ်းဆီးခံရသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - မောင်မင်းမော် (Mandalay In-depth News)
Photo – Mg Min Maw

၎င်းတို့နှစ်ဦးကို ယနေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး အောက်တိုဘာ(၂၃)ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဦးချစ်တိုး၏ အမှုအား လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးထွန်းကြည်က ပြောသည်။

ယနေ့ ရုံးထုတ်စစ်ဆေးရာတွင် အဂတိလိုက်စားမူ တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားစွဲတင်ခဲ့သည်ဟု ဦးထွန်းကြည်က ဆိုသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - မောင်မင်းမော် (Mandalay In-depth News)
Photo – Mg Min Maw

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများ ကျူးလွန်၍  စိစစ်အရေးယူပေးပါရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ တိုင်ကြားမူနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ စက်တင်ဘာ(၂၆)ရက်တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမူ တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - မောင်မင်းမော် (Mandalay In-depth News)

အထက်ပါတိုင်ကြားမူနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး သည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှုအပေါ် ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့၍ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး (Delay Damages) တန်ဖိုး Euro(225,930.69) အား တောင်းခံရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်းနှင့် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနှင့်စပ်လျဉ်း၍ မူလကမ်းလှမ်းသော ဈေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခအဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်၏ စက်တင်ဘာ(၂၆)ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ချုပ်နှင့် ညွှန်မှူးတို့ကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – မောင်မင်းမော် (Mandalay In-depth News)

.

Leave a Reply

Your email address will not be published. Required fields are marked *