မန္တလေးတွင် ကားကို နောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသူ အမျိုးသားသုံးဦး ပွဲချင်းပြီးသေဆုံး

ဘုံကမ္ဘာထွန်း၊အမ်တီ၊ အောက်တိုဘာ-၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ (အောက်တိုဘာ၈ရက်) နေ့လည်ပိုင်းက ခြောက်ဘီးကားကို နောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသည့်  အမျိုးသားသုံးဦး  နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

မျက်မြင်တွေ့ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ လမ်းပေါ် ရပ်နားထားသည့် ခြောက်ဘီးကားကို အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ဆိုင်ကယ်က နောက်မှဝင်တိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ယာဉ်တိုက်မူနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း သေဆုံးခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားကို အမူဖွင့်ထားသည်။

ယနေ့ နေ့လည်(၁)နာရီကျော်အချိန်က ပြည်ကြီးတံခွန်မြို့နယ် လမ်း၆၀၊ အေလမ်းနှင့် ဘီလမ်းကြား၊ မင်္ဂလာလမ်းမပေါ်တွင် ရပ်ထားသည့် ခြောက်ဘီးယာဉ်ကို အမျိုးသားသုံးဦးစီးလာသည့်  ဆိုင်ကယ်တစ်စီးမှ နောက်မှဝင်တိုက်ခဲ့ပြီး   ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား သုံးဦးစလုံး နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကားကိုနောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသူ သုံးဦးလုံး နေရာတွင်ပင် သေဆုံးခဲ့သည့်  အခင်းဖြစ်နေရာ။ ဓါတ်ပုံ - ကိုကျော်စွာ။

အသက်(၂၈)နှစ်အရွယ် အမျိုးသားမောင်းနှင်ပြီး အသက်(၂၀)နှင့်(၃၀)အရွယ် အမျိုးသားနှစ်ဦးတို့ စီနင်းလာသည့် ဟွန်ဒါကလစ်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ရပ်နားထားသည့် မော်တော်ယာဉ်၏ နောက်ပိုင်းအား ဝင်တိုက်မိရာမှ ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် ဆိုင်ကယ်စီးသူ(၃)ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယာဉ်တိုက်မူကြောင့် သေဆုံးခဲ့သည့် အမျိုးသားသုံးဦး၏ အမည်နှင့် နေရပ်လိပ်စာကိုမူ မသိရှိရသေးဟု အမှတ်(၁၄) ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး)၊ ယာဉ်အမှုစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားကိုနောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသူ သုံးဦးလုံး နေရာတွင်ပင် သေဆုံးခဲ့သည့်  အခင်းဖြစ်နေရာ။ ဓါတ်ပုံ - ကိုကျော်စွာ။

ခြောက်ဘီးကားယာဉ်မောင်းသည် ကားကို ရပ်ကာ အနီးရှိ လမ်းဘေးလက်ဖက်ရည်ဆိုင်တွင် ထမင်းဝယ်နေစဉ် ယခုကဲ့သို့ ယာဉ်တိုက်မူဖြစ်ပွားခြင်းဟု မျက်မြင်တွေ့ရှိသူများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပြောသည်။

 “ကျွန်တော်က အိမ်ပေါက်ဝမှာ စက်ချုပ်နေတာ။ ဒိန်း ဆိုပြီး အိမ်ရှေ့က ကြားလိုက်လို့ ကြည့်လိုက်တာ အနောက်ကနေ ကားကို ဆိုင်ကယ်က ဝင်တိုက်လိုက်တာ။  ခနနေတော့ နာရေးကားက လာသယ်သွားတယ်။ အတွဲလိုက်ကြီး သေနေတာဆိုတော့ ကျွန်တော်လည်း အကြာကြီး မကြည့်ရဲဘူး။ ကြောက်ပြီး ပြန်လာလိုက်တာ”ဟု အခင်းဖြစ်နေရာအနီးတွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူ မငြိမ်းအိအောင်က ပြောသည်။

ကားကိုနောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသူ သုံးဦးလုံး နေရာတွင်ပင် သေဆုံးခဲ့သည့်  အခင်းဖြစ်နေရာ။ ဓါတ်ပုံ - ကိုကျော်စွာ။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လောကပါလ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က)ဖြင့် စက်မှုနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကားကိုနောက်မှဝင်တိုက်ပြီး ဆိုင်ကယ်သုံးယောက်ပူး စီးလာသူ သုံးဦးလုံး နေရာတွင်ပင် သေဆုံးခဲ့သည့် အခင်းဖြစ်နေရာ။ ဓါတ်ပုံ – ကိုကျော်စွာ။

Leave a Reply

Your email address will not be published. Required fields are marked *