တီးတိန်မှ Covid-19 လူနာနှင့် ထိတွေ့ခဲ့သည့် မန္တလေးမြို့ခံ အမျိုးသမီးကို နဒီမြန်မာဟိုတယ်၌ သီးခြားထားကာ ဓါတ်ခွဲနမူနာ စစ်ဆေးနေ

ဒီဒါင်းမေ၊ မတ်-၂၅

ချင်းပြည်နယ် တီးတိန်မြို့မှ Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ အမျိုးသားနှင့် ထိတွေ့မှု ရှိခဲ့သည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကို မန္တလေး နဒီမြန်မာဟိုတယ်၌ Facility Quarantine (သတ်မှတ်နေရာတွင် ထားရှိကာ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း) အဖြစ် ထားရှိကာ ဓါတ်ခွဲ စစ်ဆေးနေကြောင်း ကျန်းမာရေးဌာနဆိုင်ရာ တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် (၅၀) ကျော်အရွယ်ရှိ အဆိုပါ အမျိုးသမီးသည် ချင်းပြည်နယ် တီးတိန်မြို့ရှိ Covid-19 ဖြစ်ပွားသူနှင့် လေယာဉ်တစ်စီးတည်း စီးခဲ့သူဖြစ်ကြောင်း မန္တလေးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“သူက အစကတည်းက လူကောင်းပါ။ သူ့ကိုယ်သူ စိတ်မချလို့ လာနေတာ။ အမတို့ အနေနဲ့ဆို တင်စရာ အကြောင်းမရှိဘူး။ သူ့ဘာသူ အိမ်မှာပဲနေ။ နေမကောင်းရင် လာပြရမယ့် Case (ဖြစ်ရပ်) မျိုး”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

အဆိုပါအမျိုးသမီးသည် ဖျားသည်၊ ချောင်းဆိုးသည်ဟုဆိုကာ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသရာမှ မတ်လ (၂၄) ရက် ညပိုင်းတွင် Facility Quarantine အဖြစ်  နဒီမြန်မာဟိုတယ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု မန္တလေးဆေးရုံကြီး ဒု-ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

“ကျွန်တော်တို့က ပုံမှန်ထက် အဖျားမရှိတော့လို့ကို သာမန်အားဖြင့်တော့ Home Quarantine ဆိုပြီး ဆုံးဖြတ်လိုက်တာ။ သူပြတာကလည်း ကျွန်တော်တို့ရဲ့ ED (Emergency Department – အရေးပေါ်ဌာန) ကို တိတိကျကျ လာပြတာမဟုတ်ဘဲနဲ့ ED မှာ တွေ့တဲ့သူတစ်ယောက်။ trace (စုံစမ်း) လိုက်တော့လည်း ကျွန်တော်တို့ ဝန်ထမ်း မဟုတ်ဘူးလို့ အကြမ်းဖျဉ်း  သိရတယ်။ သူကနေ ဟာ ဒါလောက်ဆို Home Quarantine ပဲဆိုပြီး အဲလိုနေလိုက်တယ်လို့ ပြောတယ်။ သူက အိမ်ပြန်သွားတယ်။ အိမ်မှာ သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားရတယ်။ ခံစားရတဲ့အတွက် စောင့်ကြည့် facility Quarantine လိုဟာကို သူလိုချင်တယ်။ တိုင်းဘက်ကို complain လုပ်တယ်” ဟု ၎င်းက ပြောသည်။

ထို့အတွက် မန္တလေး နဒီမြန်မာဟိုတယ်၌ အသွားအလာ ကန့်သတ်နေထိုင်ရန် (Quarantine) စီစဉ်ခဲ့ပြီး လက်ရှိတွင်မူ ၎င်း၏ ဓါတ်ခွဲနမူနာအား ရန်ကုန်သို့ ပေးပို့စစ်ဆေးနေသည်ဟု ဒေါက်တာခင်ကျော်က ပြောသည်။

“Public (ပြည်သူတွေ) ရဲ့ awareness လေးလည်း အဲဒီ case အပေါ်မှာ နည်းနည်းရှိနေတဲ့အတွက် ညကပဲ ဓါတ်ခွဲနမူနာ ယူလိုက်တယ်။ ယူပြီးတော့ ကျွန်တော်တို့ ပို့လိုက်ပြီ။ ဒီနေ့မနက်ပဲ လေယာဉ်နဲ့ ပို့လိုက်တယ်”ဟု ဒေါက်တာခင်ကျော်က Mandalay In-depth News အား ပြောသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးသည် ကျန်းမာရေး ကောင်းမွန်ပြီး အဖျားမရှိကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့ မတ်လ (၂၅)ရက်အထိ မန္တလေး နဒီမြန်မာဟိုတယ်၌ Facilty Quarantine  အဖြစ် စောင့်ကြည့်မှုခံယူသူ (၅) ဦးရှိကြောင်း မန္တလေးတိုင်း SRT အဖွဲ့မှ သတင်းရရှိသည်။  

ထို့အပြင် မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ အသွားအလာ ကန့်သတ်ပိတ်ပင်ကာ သီးခြားထားရှိ စောင့်ကြည့်ခြင်း (Hospital Quarantine) ပြုလုပ်ထားသူ (၆၇)ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ(၂၄)ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

မတ်လ(၂၄)ရက်အထိ မြန်မာနိုင်ငံ၌ Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ သုံးဦး ရှိကြောင်း ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပြီး လူနာ နှစ်ဦးကို ရန်ကုန်မြို့ ဝေဘာဂီဆေးရုံနှင့် ကျန်တစ်ဦးကို ချင်းပြည်နယ် တီးတိန်မြို့ဆေးရုံ၌ သီးခြားထားရှိကာ စနစ်တကျစောင့်ကြပ်ကုသ လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နဒီမွနျမာ ဟိုတယျ အဆောကျအဦးအား တှေ့ရစဉျ/ Photo – Shwe Yee FB.
နဒီမွနျမာ ဟိုတယျ အဆောကျအဦးအား တှေ့ရစဉျ/ Photo – Shwe Yee FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်