မန္တလေးမှ စစ်တွေသို့ ပြေးဆွဲသည့် ရွှေပြည်သစ် ခရီးသည်တင်ယာဉ် ပေါ်ပါ ခရီးသည်(၃၁)ဦးကို AA(ရခိုင်လက်နက်ကိုင်အဖွဲ့)က ဖမ်းဆီးထား

Mandalay In-depth News၊ အောက်တိုဘာ-၁၃

မန္တလေးမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်ပေါ်ပါ မီးသတ်တပ်ဖွဲ့ဝင် (၁၉)ဦးနှင့် ခရီးသည်(၁၂)ဦး စုစုပေါင်း ခရီးသည်(၃၁)ဦးကို အောက်တိုဘာ(၁၁)ရက်တွင် AA(ရခိုင်လက်နက်ကိုင်အဖွဲ့)က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ(၁၀)ရက် နေ့လည်ပိုင်းတွင် မန္တလေးမြို့မှ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ကို အောက်တိုဘာ(၁၁)ရက် နံနက်ပိုင်း မန္တလေး-စစ်တွေကားလမ်း မြောက်ဦးမြို့အထွက်၊ ကံကြီးကွေ့အနီး အရောက်တွင် AA (ရခိုင်လက်နက်ကိုင်အဖွဲ့)မှ တားဆီးကာ ယာဉ်ပေါ်ပါ ခရီးသည်များကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် အခြေခံမီးသတ်သင်တန်းဆင်း တပ်သား(၁၈)ဦး၊ အရပ်သား(၁၂)ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားမူနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ သတင်း ဆက်လက်စုံစမ်းနေသလို နယ်မြေလုံခြုံရေး ဆောင်ရွက်လျှက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေပြည်သစ် ခရီးသည်တင်ယာဉ်လိုင်းသို့ ဆက်သွယ်မေးမြန်းရာ “ဒီလိုဖြစ်တယ်ဆိုတာ (၁၁)ရက် ညကမှ သိတာ။ ဂိတ်ကို မီးသတ်က အရာရှိတွေ ရောက်လာတယ်။ စစ်ဆေးမေးမြန်းတာပေါ့။ ဒီကားနဲ့ တင်ပေးလိုက်တယ်။ ဒီလိုဒီလိုဆိုတာ ရှင်းပြတာပေါ့။ ပြီးမှ သူတို့ပြောတာက ပြန်သွားတဲ့သူတွေ သူတို့နယ်အသီးသီးကို မရောက်ကြသေးလို့ စစ်ဆေးတာပေါ့။ အဲ့လောက်ပဲ သိရသေးတာ။ ကားကတော့ စစ်တွေကို ရောက်ပြီလို့ သိရတယ်” ဟု ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ခရီးသည်အချို့ကို လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်မူ ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်များကိုမူ ပုံမှန်အတိုင်း ပြေးဆွဲလျှက်ရှိသည်ဟု မန္တလေး-စစ်တွေ ပြေးဆွဲနေသည့် ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *