မန္တလေးတွင် ကျောက်မျက်အသင်းမှ ကြီးမှူး၍ ပထမဆုံးအကြိမ် ကျောက်စိမ်း အရောင်းပြပွဲ ကျင်းပမည်

ကိုနေကို၊ စက်တင်ဘာ-၂၈

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ပထမဆုံးအကြိမ် ကျောက်စိမ်း အရောင်းပြပွဲကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာ (MCC)၌ လာမည့် အောက်တိုဘာတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြပွဲကို အောက်တိုဘာ(၂၀)မှ (၂၆)ရက်အထိ ခုနှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အရည်အသွေးကောင်း ကျောက်စိမ်း အရိုင်းတုံးနှင့် အချောထည်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)၊ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။

ကျောက်စိမ်း အဆင့်သတ်မှတ်ချက် (A) အဆင့်ရှိ ကျောက်များ ပါဝင်မည်မဟုတ်ဘဲ B၊ C၊ D အဆင့် အရည်အသွေးကောင်း ကျောက်စိမ်းအရိုင်းများကို အဓိကပြသရောင်းချမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကျောက်မျက်ပြပွဲ ကျင်းပမည့် မန္တလေးကွန်ဗင်းရှင်စင်တာ။ ဓါတ်ပုံ - ကိုနေကို (Mandalay In-depth News).

အဆိုပါပြပွဲကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ လမ်းညွှန်မူဖြင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ပုဂ္ဂလိက ကျောက်မျက်ပြပွဲ မဟုတ်ကြောင်း ဦးမျိုးမြင့်နိုင်က ဆိုသည်။

“ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်မယ်။ အများ အမြင်ရှင်းအောင် လုပ်မယ်။ အခွန်က ရှောင်လို့မရဘူး။ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားအတိုင်း အတိအကျ ဆောင်ပြီး လုပ်မှာပါ။ မန္တလေးပြပွဲမှာ တခါတည်း ထွက်တဲ့ကျောက်ကို ထွက်တဲ့ ဈေးနှုန်းနဲ့ တင်ပေးမှာပါ” ဟု ၎င်းက ပြောသည်။

မန္တလေးတွင် ကျင်းပခဲ့ဖူးသည့် ပုဂ္ဂလိကကျောက်မျက်ပြပွဲ တစ်ခု။ ဓါတ်ပုံ - Supply

မန္တလေးတွင် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပခြင်းကြောင့် ဒေသခံ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများအတွက် အဆင်ပြေစေကြောင်း မန္တလေးမြို့ခံ ကျောက်စိမ်းကုန်သည် ဦးနိုင်းနိုင်း က ပြောသည်။

“ကျောက်သမားတွေအတွက် ကျောက်ရှာရတာ အဆင်ပြေတာပေါ့။ ဒါပေမယ့် ပြပွဲတွေက ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတာပေါ့”  ဟု ၎င်းက ဆိုသည်။

မန္တလေးတွင် ကျင်းပခဲ့ဖူးသည့် ပုဂ္ဂလိကကျောက်မျက်ပြပွဲ တစ်ခု။ ဓါတ်ပုံ - Supply

ပြီးခဲ့သည့် ၂၀၁၈အတွင်းက မန္တလေးမြို့တွင် ပုဂ္ဂလိက ကျောက်မျက်ကုမ္မဏီများမှ ကျောက်စိမ်း အရောင်းပြပွဲများ ကျင်းပပြုလုပ်ခဲ့ဖူးပြီး ပွင့်လင်းမြင်သာမူ မရှိကြောင်း ဒေသခံများက ဝေဖန်သလို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ စစ်ဆေးရာတွင်လည်း ကျပ်သိန်းထောင်ချီ အခွန်ရှောင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းကော်မတီက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ထိုသို့ လွှတ်တော်မှ စိစစ်ခဲ့ပြီးနောက်ပိုင်း မန္တလေးတွင် ပုဂ္ဂလိကကျောက်မျက်ပြပွဲများ တစ်ခန်းရပ်သွားပြီး ယခုအခါ ကျောက်မျက်အသင်းမှ ကြီးမှူး၍ ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *