မန္တလေးမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဦးဇင်းတစ်ပါးနှင့် လူနှစ်ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

အမ်တီ၊ အောက်တိုဘာ-၁၂

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် အသက်(၅၀)ကျော်အရွယ် ဦးဇင်းတစ်ပါးနှင့် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးကို ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်ရှိ၊ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ အောက်တိုဘာ(၉)ရက် ညပိုင်းက မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ စစ်ဆေးရာ ၎င်းဘုန်းကြီးကျောင်း သိမ်ကျောင်းဆောင်တွင် အသက်(၅၆)နှစ်အရွယ် ဦးဇင်းတစ်ပါးကို တွေ့ရှိသဖြင့် သိမ်အတွင်း ရှာဖွေရာ ကုတင်ပေါ်ရှိ ခေါင်းအုံးအောက်မှ ပင်နယ်စလင်ပုလင်းဖြင့် ထည့်ထားသောဘိန်းဖြူဟု ယူဆရသော ဖြူ၊ဝါရောင်အမှုန့် အလေးချိန်(ဝ.၁)ဂရမ်ပါ တစ်ပုလင်း၊ သစ်သားကြောင်အိမ်အတွင်း ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူဟုယူဆရသော ဖြူ၊ဝါရောင်အမှုန့် အလေးချိန်(ဝ.၂)ဂရမ်ပါ တစ်ပုလင်းနှင့် ပုလင်းပြားဖြင့် ထည့်ထားသော ဘိန်းဖြူဟုယူဆရသော ဖြူ၊ဝါရောင်အမှုန့် အလေးချိန်(၈)ဂရမ်ပါ တစ်ပုလင်း၊ သံသေတ္တာအတွင်းမှ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသော ငွေကျပ်လေးသိန်းကျော်နှင့် ဓါးရှည်(၁)ချောင်းတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ၎င်းသိမ်ကျောင်းအနီးတွင် မူးယစ် ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးကို ဟွန်ဒါစကိုဖီး ဆိုင်ကယ်နှစ်စီးနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ပြုပြင်ထားသည့် မီးခြစ်တစ်လုံးနှင့် ငွေစက္ကူ ကျပ်တစ်သောင်းကျော်ကို တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ သိမ်းဆည်းရမိမူများနှင့် ပတ်သက်၍ စစ်ဆေးရာ အောက်တိုဘာ(၉)ရက်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ်တွင် နေထိုင်သူတစ်ဦးမှ ကျောင်းတိုက်ရှိ ဦးဇင်းထံသို့ လာရောက်ပို့ဆောင်ပေးခဲ့ပြီး ပြန်လည်ရောင်းချရန် တစ်ဂရမ်လျှင် ကျပ်ငါးထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း အသက်(၅၀)ကျော်အရွယ် ဦးဇင်းမှ ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ဘုန်းကြီးကျောင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမူဖြင့် ဖမ်းဆီးအမူဖွင့်ခံရသူများ။ ဓါတ်ပုံ - Supply.

ဘုန်းကြီးကျောင်းအတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိမူနှင့်ပတ်သက်၍ လက်ဝယ်တွေ့ရှိသူ ဦးဇင်း(၅၆နှစ်)နှင့် မူး ယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက် ရပ်ကွက်နေ အသက်(၃၈)နှစ် အမျိုးသားနှင့် မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်နေ အသက်(၄၂)နှစ်အရွယ် အမျိုးသားတို့ကို မဟာအောင်မြေမြို့နယ် အမှတ်(၇)မြို့မ ရဲစခန်းတွင် (ပ)၁၄/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)၊၂၀(က)/၂၁ဖြင့် အမှု့ဖွင့်အရေးယူရန် စစ်‌ဆေးဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဘုန်းကြီးကျောင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမူဖြင့် ဖမ်းဆီးအမူဖွင့်ခံရသူများ။ ဓါတ်ပုံ – Supply.

Leave a Reply

Your email address will not be published. Required fields are marked *