မန္တလေးတွင် တိုက်ခန်းအတွင်း အနံ့စုပ်ထုတ်စက် တင်ဆင်ကာ မူးယစ်ဆေး သုံးစွဲနေသူများ ဖမ်းမိ

အမ်တီ၊ အောက်တိုဘာ-၁၃

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်အတွင်းရှိ နေအိမ်တိုက်ခန်းတစ်လုံးတွင် အနံ့စုပ်ထုတ်စက် တပ်ဆင်ကာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ အမျိုးသားလေးဦးကို အောက်တိုဘာ(၈)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်၊ ၇၆လမ်းနှင့် ၃၇လမ်းအနီးရှိ တိုက်ခန်းလေးလွှာတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ မူးယစ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာမှ အမျိုးသားလေးဦးကို မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခန်းအတွင်း ဝင်ရောက်စစ်ဆေးရာ အသက်လေးဆယ်ဝန်းကျင်အရွယ် အမျိုးသားလေးဦးကို  အိပ်ခန်းအတွင်း အိပ်ယာပေါ်တွင် ထိုင်ကာ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကို‌ တွေ့ရှိခဲ့သလို တိုက်ခန်းနောက်‌ဖေးခန်း အတွင်းမှ မူးယစ်ဆေးဝါးအနံ့များ အပြင်သို့ စွန့်ထုတ်သည့် အငွေ့စုပ်စက် တစ်လုံး တပ်ဆင်ထားသည်ကိုပါ တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ထိုင်နေသည့် အိပ်ယာပေါ်တွင် စိတ်ကြွဆေးပြားဟု ယူဆရသော တံဆိပ်မပါ ပန်းရောင်ဆေးပြား (၅)ပြား၊ အချိုရည်ဘူးကို အလယ်တွင် အပေါက်ဖောက်၍ အ‌အေးစုတ်ပိုက် တပ်လျှက် မူးယစ်ဆေးဝါး အသုံးပြုရာတွင် အသုံးပြုသည့် ကိရိယာတစ်ဘူးနှင့် ဆေးဂျိုး ကပ်ညှိနေသည့် ခဲစက္ကူပိုင်းတစ်ခု၊ အိပ်ယာအနီးတွင် ပလပ်စတစ်ဘူးများဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော တံဆိပ်မပါ ပန်းရောင်ဆေးပြား  (၃၈၅)ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော Rစာတမ်းပါ အဝါရောင်ဆေးပြား(၁၄၅)ပြား၊ WYစာတမ်းပါ အဝါရောင်ဆေးပြား(၄၀)ပြား၊ စုစုပေါင်းဆေးပြား(၅၇၅)ပြား၊ အလေးချိန်(၅၇ဒသမ၅)ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYATA WISH အမျိုးအစား မော်တော်ယာဉ်နှင့် ယာဉ်မှတ်ပုံတင်စာအုပ်များကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထိုသို့ မူးယစ်ဆေးဝါးများ တွေ့ရှိမူနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိကာ ဖြန့်ဖြူးရောင်းချသူ ယင်းတိုက်ခန်းနေ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မူးယစ်ဆေးဝါး သုံးစွဲရန်ရောက်ရှိနေကြသူ မန္တလေးမြို့ စြင်္ကာနွယ်စဉ်ရပ်၊ စက်ရှင်ဝင်းနှင့် ဥပုသ်တော်ရပ်နေ အသက်လေးဆယ်ဝန်းကျင် အရွယ်အမျိုးသားသုံးဦး၊ စုစုပေါင်း အမျိုးသားလေးဦးကို မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မ ရဲစခန်းတွင် (ပ)၃၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ၁၉(က)/၂၁ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်‌လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမူဖြင့် ဖမ်းဆီးအမူဖွင့်ခံရသူများ။ ဓါတ်ပုံ – Supply.

.

Leave a Reply

Your email address will not be published. Required fields are marked *