တစ်ဘာသာကျပ်သုံးသိန်းဖြင့် ဆယ်တန်းစာမေးပွဲအောင်ရန် လုပ်ပေးမည်ဟုဆိုကာ အမှတ်စာရင်းတုများ ထုတ်ပေးပြီး ငွေလိမ်သည့် အမျိုးသမီးကို အမူဖွင့်၊

နေပြည်တော်မှ ကျောင်းသားမိဘများအပါအဝင် အနည်းဆုံး ဆယ်ဦး အလိမ်ခံရဟုဆို

ပါရမီဆန်း၊ အောက်တိုဘာ-၁၁

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးသည့် ကျောင်းသားများကို တစ်ဘာသာကျပ်သုံးသိန်းနှုန်း ပေးသွင်းလျှင် စာမေးပွဲအောင်ရန် လုပ်ပေးမည်ဟု ပြောဆိုကာ စာရွက်စာတမ်းအတုများ ပြုလုပ်ပြီး ငွေကြေးလိမ်လည်သည့် အမျိုးသမီးတစ်ဦးကို နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် အမူဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

စာရွက်စာတမ်း အတုများ ပြုလုပ်ကာ ကျောင်းသားမိဘများထံမှ ငွေကြေးလိမ်လည်သည့် အသက်(၄၄)နှစ်အရွယ် ဒေါ်သဉ္ဇာလွင် ဆိုသူကို အရေးယူပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအံ့မောင်မှ တိုင်တန်းသဖြင့် ဘုရားကုန်းမြို့မရဲစခန်းတွင် (ပ)၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ (လိမ်လည်မှု/စာရွက်စာတမ်းအတုပြု လုပ်မှု) ဖြင့် အောက်တိုဘာ(၁၀)ရက်က အမူဖွင့်ထားသည်ဟု ဆိုသည်။

ဒေါ်သဉ္ဇာလွင်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုမရှိသော ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အမှတ်စာရင်းစာရွက် ထုတ်ပြန်ချက်နှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတို့မှ တက္ကသိုလ်ဝင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ သင်တန်း ရွေးချယ်ခွင့် ကဒ်ပြားတို့ကို အတုပြုလုပ်၍ ငွေကြေး လိမ်လည်ရယူနေကြောင်း တိုင်တန်းစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အဆိုပါ စာရွက်စာတမ်း များမှာ အတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ အမူဖွင့်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လိမ်လည်နေမူကို စိစစ်အရေးယူပေးရန်  ကျောင်းသားမိဘအချို့နှင့် ပူးပေါင်းကာ အောက်တိုဘာ(၈)ရက်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)သို့ တိုင်းတန်းခဲ့သည်ဟု တိုင်စာပို့ခဲ့သူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက ပြောသည်။

“ဒါမျိုး လုပ်နေတာ နှစ်နှစ်လောက် ရှိပြီလို့ ကြားတယ်။ ဘယ်သူမှ မပြောကြာလို့ ကျွန်တော်တို့က မဖြစ်တော့ဘူးဆိုပြီး တိုင်လိုက်တာ”ဟု ဦးကျော်မင်းဦးက ပြောသည်။

၎င်း အမျိုးသမီးသည် ကျောက်ဆည်တက္ကသိုလ် ပထဝီဝင်ဌာန၊ ကထိက ဆရာမအဖြစ် လိမ်လည်မိတ်ဆက်ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးသည့် ကျောင်းသားများကို အမှတ်စာရင်း ပြန်လည်ကြည့်ရှု့နိုင်ကြောင်းနှင့် စာမေးပွဲအောင်စေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ကျောင်းသားမိဘများ ယုံကြည်အောင်ပြောဆိုပြီး အမှတ်စာရင်းကြည့်ရန် ကျပ်(၂၅၀၀၀)နှင့် စာမေးပွဲအောင်စေရန်အတွက် တစ်ဘာသာ ကျပ်သုံးသိန်းနှုန်း တောင်းယူခြင်းဖြစ်သည်ဟု ဦးကျော်မင်းဦးက ရှင်းပြသည်။

ဒေါ်သဉ္ဇာလွင်သည်  နေပြည်တော် ပုဗ္ဗသီရိနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းမှ ကျောင်းသား(၉)ဦးအပါအဝင် ရမည်းသင်းနှင့် အခြားမြို့နယ်များရှိ ကျောင်းသားမိဘများထံလည်း ငွေကြေးများ လိမ်လည်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

“စာရင်းအတိအကျ ရတာကတော့ ကျောင်းသား(၉)ဦးပေါ့။ အဲ့တာက ပုဗ္ဗသီရိနဲ့ ဇဗ္ဗူသီရိက ကျောင်းသားတွေ။ တခြား ရမည်းသင်းတို့ ဘက်မှာလည်း လိမ်တယ်လို့ကြားတယ်။ သတင်းကြားရတာတော့ ကျောင်းသား(၄၀)လောက်ဆီက လိမ်တယ်လို့ကြားတယ်”ဟု ဦးကျော်မင်းဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း နေထိုင်ကာ ကျောင်းသားမိဘများကို ယုံကြည်အောင် ပြောဆိုပြီး ငွေကြေးလိမ်လည်ခြင်း ဖြစ်ကာ အမှတ်စာရင်းအတုများနှင့် ရုံးတံဆိပ်အတုများ အသုံးပြုခဲ့သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ကျောင်းသားမိဘအချို့ကို ခေါ်ဆောင်ကာ ရုံးများ၊ ကျောင်းများသို့ သွားရောက်ပြီး အမှတ်စာရင်း ထုတ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

“အများစုက ငွေပြန်မရဘူး။ တစ်ယောက်၊နှစ်ယောက်တော့ ပြန်ရတယ်။ ကျောင်းသားမိဘတွေကလည်း ယုံပြီးတော့ အဲ့လို လုပ်ပေးနတယ်ဆိုတာကို သူများတွေ သိမှာတောင် ကြောက်နေကြတာ”ဟု ဦးကျော်မင်းဦးက ဆိုသည်။

ထိုသို့ ရုံးတံဆိပ်အတုများ အသုံးပြုကာ စာရွက်စာတမ်းအတုများ ပြုလုပ်နေသည့်အပေါ် စက်တင်ဘာ(၂)ရက်တွင် ပုဗ္ဗသီရိမြို့နယ် တရားသူကြီးမှ ယင်းအမျိုးသမီးကို ခေါ်ယူ၍ ကတိခံဝန်ခိုင်းပြီး အားမခံပေးခဲ့ကာ ထပ်မံ၍ စာရွက်စာတမ်းအတုများ မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အာမခံရတော့မည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့်အတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ တိုင်ကြားရခြင်းဖြစ်သည်ဟု ဦးကျော်မင်းဦးက ပြောသည်။

လက်ရှိတွင်မူ အဆိုပါ အမျိုးသမီးမှာ ထွက်ပြေးတိမ်ရှောင်နေပြီး ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိမ်လည်မူ၊ စာရွက်စာတမ်း အတုလုပ်မူဖြင့် အမူဖွင့်ခံရသည့် အမျိုးသမီးနှင့် အတုလုပ်ခဲ့သည်ဆိုသော စာရွက်စာတမ်းများ။ ဓါတ်ပုံ – Supply.

Leave a Reply

Your email address will not be published. Required fields are marked *