ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်ပို့မည့် ဆန်များ အဆင့်သင့်ဖြစ်နေသော်လည်း တိုက်ပွဲကြောင့် မပို့နိုင်ဖြစ်နေ

ထက်အောင်၊ သြဂုတ်-၂၇

ကုန်စည်ဖလှယ်စနစ် (Bater Trade System) ဖြင့် ဆန်တန်ချိန်တစ်သိန်း တရုတ်နိုင်ငံသို့ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားသော်လည်း  ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်  တင်ပို့နိုင်ခြင်း မရှိသေးကြောင်း မန္တလေးဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းကျော်က ပြောသည်။

ဆန်တန်ချိန်တစ်သိန်း တရုတ်နိုင်ငံသို့ တင်ပို့ရန် မန္တလေးဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ရွှေချိုက်ကုမ္ပဏီတို့ ဇူလိုင်(၂၅)ရက်က မန္တလေးမြို့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး (၁၀)လအတွင်း အပြီးတင်ပို့ရမည်ဖြစ်သည်။

“ဒီဘက်က ဆန်တွေ အဆင်သင့်ဖြစ်နေပြီ။ အဲဒါကို တင်ပို့ဖို့အတွက် တရုတ်ကုမ္ပဏီဘက်က အိပ်ခွံတွေ ပို့ဖို့လုပ်နေချိန်မှာ တိုက်ပွဲဖြစ်တာ။ အခု အိပ်ခွံတွေလည်း တိုက်ပွဲကြောင့် မပို့နိုင်ဘူး။ လမ်းပွင့်သွားရင်တော့ တင်ပို့ဖို့အတွက် အဆင်သင့်ပဲ”ဟု ဦးစိုင်းကျော်က ပြောသည်။

ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဆန်တစ်အိတ်လျှင် (၁၀၅)ယွမ်နှုန်း အကြမ်းဖျဉ်း ဈေးနှုန်းသတ်မှတ်ထားသည်ဟု ၎င်းက ဆိုသည်။ ကုန်စည်ဖလှယ်စနစ်အရ မြန်မာနိုင်ငံမှ ဆန်များ တင်ပို့ပြီး တရုတ်နိုင်ငံထုတ် သံ၊သံမဏိနှင့် အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ ပြန်လည်တင်သွင်းရမည် ဖြစ်သည်။

ကုန်စည်ဖလှယ်စနစ်အရ တရုတ်သို့ ဆန်ပို့ရာတွင် တရားဝင်တင်ပို့ရခြင်းဖြစ်ရာ အခွန်အကောက် ပေးဆောင်ရသလို ဈေးနှုန်းအရလည်း ယခင်ထက် လျှော့နည်းသည်ဟု ဦးစိုင်းကျော်က ရှင်းပြသည်။

“ခုဆန်ဈေးနှုန်းက အရင်ပုံမှန်ဈေးနှုန်းထက် တစ်အိတ်ကို ယွမ်(၂၀)ဝန်းကျင် နည်းတယ်။ အဲဒီလိုပဲ ဟိုဘက်မှာလည်း တရားဝင်ဖြစ်သွားတော့ အစိုးရက အခွန်ကောက်လိုက်တာ တစ်အိတ်ကို (၆၀)ယွမ်လောက် ကျမှာပဲ။ ဟိုဘက်က စားသုံးသူအတွက် ဈေးတက်တယ်။ ဒီဘက်က ရောင်းချသူမှာ ဈေးကျသွားတယ်”ဟု ၎င်းက ဆိုသည်။

တရုတ်သို့ ဆန်ပို့ရာတွင် ဈေးကောင်းမရသည့်အတွက် ပြည်တွင်းစပါးဈေးနှုန်းများပါ ကျဆင်းနေပြီး လက်ရှိ ပြည်တွင်းဈေးကွက်တွင် အစိုဓာတ်များပါက စပါးတင်းတစ်ရာလျှင် ကျပ်လေးသိန်းခွဲဝန်းကျင်နှင့် သတ်မှတ်အရည်အသွေး ပြည့်မှီသည့် စပါးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် တိုက်ပွဲများ မကြာခန ဖြစ်ပွားလျှက်ရှိသည်။ သြဂုတ်(၁၅)ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရကာ မော်တော်ယာဉ်များ သွားလာ၍ မရတော့ဘဲ ငါးရက်ကြာ ကုန်စည်စီးဆင်းမူ ပြတ်တောက်ခဲ့သည်။ လက်ရှိအချိန်ထိ လမ်းခရီး လုံခြုံရေးအခြေအနေအရ မန္တလေး-မူဆယ် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေဆွဲနိုင်ခြင်း မရှိသေးကြောင်း မန္တလေးမြို့ခံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး  လုပ်ငန်းရှင်များက ပြောသည်။

ဓါတ်ပုံ – ထက်အောင်

Leave a Reply

Your email address will not be published. Required fields are marked *