ဂုတ်တွင်းတံတား ပြန်ပွင့်သော်လည်း တိုက်ပွဲကြောင့် မန္တလေး-မူဆယ် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ခြင်း မရှိသေး၊ မန္တလေး-လားရှိုး ယာဉ်လိုင်အချို့ ယနေ့စတင်ပြေးဆွဲ

နေကို၊ သြဂုတ်-၂၁

ဂုတ်တွင်းတံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် မန္တလေးမှ မူဆယ် ခရီးစဉ် ပြေးဆွဲသည့် ခရီးသည်တင်နှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

လားရှိုးနှင့် မူဆယ်မြို့ကြား ဒေသအချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ လုံခြုံရေးအခြေအနေ စိုးရိမ်သည့်အတွက် ယာဉ်လိုင်းများအနေဖြင့် မန္တလေး-လားရှိုးခရီးစဉ်ကိုသာ ပြေးဆွဲပြီး မန္တလေး-မူဆယ်ခရီးစဉ်များ ရပ်နားထားရဆဲဖြစ်သည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

“မန္တလေးကနေ လားရှိုးအထိတော့ ဒီနေ့မနက်က စပြီး ပြန်ပြေးဆွဲနေပါပြီ။ လမ်းခရီးအနေအထားက စိတ်မချရသေးတော့ လောလောဆယ် မန္တလေး-မူဆယ်က နားထားရတယ်” ဟု ရွှေမန္တလာ ခရီးသည် ပို့ဆောင်ရေး ယာဉ်အသင်း ကြီးကြပ်ရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

သြဂုတ်(၁၅)ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။  အဆိုပါ ပျက်စီးခဲ့သည့် ဂုတ်တွင်းတံတား နေရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နှစ်လမ်းသွား ဘေလီတံတား အစားထိုးတည်ဆောက်ပေးခဲ့ရာ သြဂုတ်(၂၀)ရက်မှစတင်၍ ယာဉ်ငယ်များနှင့် (၃၆)တန်အောက်ယာဉ်များ ပြန်လည်ပြေးဆွဲနိုင်ခဲ့သည်။

သို့သော် လမ်းခရီး လုံခြုံရေးအခြေအနေကြောင့် မန္တလေး-မူဆယ် ခရီးစဉ်များ ပြေးဆွဲနိုင်ခြင်း မရှိသေးဘဲ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

“ဟိုဘက်မှာကလည်း မငြိမ်းချမ်းသေးဘူးဆိုတော့ အားလုံး ကင်းကင်းရှင်းရှင်း ဖြစ်မှပဲ ဒီကနေ ရှိတဲ့ ကုန်လေးနဲ့ တက်ကြမှာပေါ့။ ကားမထွက်ဖြစ်တာ အဓိက စစ်ပွဲကြောင့်လည်း ပါတယ်။ မူဆယ်ကုန်ကလည်း နည်းတယ်” ဟု အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးမျိုးဆွေက ပြောသည်။

မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအားလုံး သြဂုတ်(၁၅)ရက်မှစတင်ကာ ရပ်နားထားရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မန္တလေး-လားရှိုး ပြန်လည်ပြေးဆွဲနိုင်ပြီ ဖြစ်သော်လည်း မန္တလေး-မူဆယ် ခရီးစဉ် ပြေးဆွဲနိုင်ရန်အတွက်မူ တိုက်ပွဲအခြေအနေကို ဆက်လက်စောင့်ကြည့်ရဦးမည်ဟု ရွှေမန္တလာ ခရီးသည်တင် ယာဉ်အသင်းမှ ဦးခင်မောင်စိုးက ပြောသည်။

မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျောက်ရှိ နေရာဒေသ အချို့တွင် သြဂုတ်(၁၅)ရက် နံနက်ပိုင်းက စတင်ကာ စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့(သြဂုတ်၂၁ရက်)အထိ  နမ့်ဖက်ကာရွာ ဝန်းကျင်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ပစ်ခတ်မှုကတော့ ဒီနေ့မနက်အထိ ကြားနေရတာပဲ။ သေနတ်သံတွေက ဆူညံပြီး ဒီလောက် ပစ်ခတ်နေတာ နားတောင်ကွဲတော့မယ်။ ဖြစ်နေတာတော့ နမ့်ဖက်ကာနဲ့ မူဆယ်ကြားရော၊ နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ကြားမှာရော။ နမ့်ဖက်ကာမှာတော့ ဝင်လို့၊ ထွက်လို့ မရသေးဘူး။ လမ်းကြောက နှစ်ဖက်စလုံးက ပိတ်ထားတယ်။ ဒီဘက်မှာတော့ ဘယ်မှသွားလို့မရ၊ လာလို့ မရပဲ”ဟု မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ) တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။

မန္တလေး-မူဆယ်လမ်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသော ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ပုံမှန်အခြေအနေတွင် နေ့စဉ် မော်တော်ယာဉ်အစီးရေ (၅၀၀၀)ခန့် ဖြတ်သန်းသွားလာလျှက် ရှိသည်။

ဂုတ်တွင်းတံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို သြဂုတ်(၂၀)ရက်က တွေ့ရစဉ်။ ဓါတ်ပုံ – Ministry Of Construction.

Leave a Reply

Your email address will not be published. Required fields are marked *