ရွှေဈေး စံချိန်တင် မြင့်တက်နေပြီး တစ်လအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲခန့် ဈေးတက်၊

ဘဏ်ချေးငွေဂယက်ကြောင့် ရွှေဝယ်ယူစုဆောင်းသူ ပိုများလာပြီး ရွှေရောင်းသူမရှိဘဲ ဝယ်သူသာရှိဟုဆို

ကိုနေကို၊ စက်တင်ဘာ-၄

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေပြီး တစ်လအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲခန့်အထိ ဈေးမြင့်တက်လာကြောင်း မန္တလေးမြို့ခံ ရွှေလုပ်ငန်းရှင်များက ပြောသည်။

ယနေ့(စက်တင်ဘာ၄ရက်) နေ့လည်ခင်းအချိန် ဈေးကွက်ပေါက်ဈေးအရ အခေါက် ရွှေ တစ်ကျပ်သားလျင် ကျပ်(၁၂၈၀၀၀၀)ကျော် ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းက အခေါက်ရွှေ  တစ်ကျပ်သားလျင် ကျပ်(၁၁၄၀၀၀၀)ကျော်သာ ဈေးရှိခဲ့ရာမှ တစ်လအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲခန့် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ထို့အပြင် လတ်တလော ပျံ့နှံ့နေသည့် ဘဏ်ချေးငွေဂယက်ကြောင့် ရွှေဝယ်ယူစုဆောင်းသူ ပိုမိုများပြားပြီး ရွှေဝယ်ယူမူသာ ရှိကာ ပြန်လည်ရောင်းချသူ မရှိသလောက်ဖြစ်နေကြောင်း မန္တလေးမြို့ အောင်သမာဓိရွှေဆိုင်မှ ဒေါ်ဇင်မီမီအောင် က ပြောသည်။

“ဘဏ် ဂယက်တွေကြောင့် ဒီရက်ပိုင်းမှာ ဘဏ်က ပိုက်ဆံထုတ်ပြီး ရွှေကို ပိုဝယ်လာကြသူ ပိုများတာပေါ့။ ရွှေဈေးကလည်း တက်တယ်။ ဘဏ်ဂယက်ကလည်း ရှိနေတာဆိုတော့ ဒီရက်ပိုင်းမှာလည်း တောက်လျှောက်ကတော့ အဝယ်ပဲ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသည့် ဘဏ်များ၏ ငွေကြေးဆိုင်ရာသတင်းများကြောင့် ရွှေဈေးကွက်အပေါ် ကြီးကြီးမားမား ရိုက်ခတ်နေခြင်းဖြစ်ကြောင်း ရွှေအရောင်းအဝယ် လုပ်ကိုင်သူများက ပြောသည်။ သိူ့သော် ကမ္ဘာ့ရွှေဈေးမှာ များစွာပြောင်းလဲမူ မရှိဟု ၎င်းတို့က ဆိုသည်။

လတ်တလောတွင် ရွှေဈေး စံချိန်တင် မြင့်တက်နေသော်လည်း ဈေးနှုန်း တည်ငြိမ်မှု မရှိသေးဘဲ အတက်အကျ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ  ဦးတင်ထွန်း က ပြောသည်။

“ဘဏ်ဂယက်ကြောင့် ရွှေဈေးကလည်း တက်နေတာပါ။ မကြာခင်မှာ (ရွှေဈေး) ပြန်ကျသွားမှာပါ” ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် ဘဏ်များ၏ ငွေရေးကြေးရေး ကဏ္ဍနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်စိတ် မထားကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာ(၂)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဘဏ်ချေးငွေဆိုင်ရာ ကိစ္စများနှင့် စပ်လျှဉ်း၍ ဘဏ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်များအကြား ညိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သလို ဗဟိုဘဏ်၏ သဘောသဘာဝအရ ဘဏ်များမှ လိုအပ်ချက်ရှိခဲ့လျှင်လည်း  အပြည့်အဝ ကူညီမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ပြည်တွင်းဘဏ်များနှင့် ပတ်သက်၍ ငွေရေးကြေးရေး ကဏ္ဍတွင် တည်ငြိမ်စေရန်နှင့် နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီမှု ရှိစေရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်က ဆိုသည်။

မန္တလေးမြို့ အောင်သမာဓိရွှေဆိုင်တွင် ရွှေဝယ်ယူနေသူများ၊ ဓါတ်ပုံ- အောင်သမာဓိရွှေဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *