မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသူလေးဦးအနက် နှစ်ဦးမှာ AAအဖွဲ့ဝင်ဖြစ်၊ မန္တလေးတွင် ဖောက်ခွဲရန်ထက် အခြားနေရာသို့ ပို့ဆောင်ရန် ဖြစ်နိုင်ခြေများ

မန္တလေးတွင် ဖောက်ခွဲရန်ထက် အခြားနေရာသို့ ပို့ဆောင်ရန် ဖြစ်နိုင်ပြီး လေးဦးလုံးကို အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေဖြင့် အမူဖွင့်

မောင်မင်းမော်၊ စက်တင်ဘာ-၁၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားလေးဦးအနက်  နှစ်ဦးမှာ AA (ရခိုင်လက်နက်ကိုင်အဖွဲ့) အဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ အတည်ပြုပြောကြားသည်။

“လက်ရှိ စစ်ဆေးချက်အရ နှစ်ယောက်ကတော့ AA (ရခိုင်လက်နက်ကိုင်အဖွဲ့) အဖွဲ့ဝင်ဖြစ်တယ်လို့ ထွက်ဆိုထားတယ်။ အသေးစိတ်ကတော့ ဆက်ပြီး စစ်ဆေးနေတုန်းပါ”ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်၊ လမ်း(၇၀)၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇)   နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဒီတိုနေတာနှင့် ယမ်းအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ နေအိမ်အပေါ်ထပ် အခန်းအတွင်းမှ အောင်လင်း (ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ပြည်လမ်းတွင် နေထိုင်သူ)၊ မြတ်ခိုင်  (ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စပါးဆိပ်ရပ်တွင် နေထိုင်သူ)၊ ချမ်းငြိမ်း (ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပင်ရောက်ရွာတွင် နေထိုင်သူ)တို့ကို ဒီတိုနေတာ ၁၀၀၀၊ Satellite ဖုန်း (အသစ်) လုံးရေ(၄၀)၊ ရုရှားနိုင်ငံလုပ် မှန်ပြောင်း (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊  ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ၊ စက္ကူညို လိပ်များ၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် (၅)အိတ်တို့ကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။  ထိုသို့  နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးနေချိန် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၆လမ်းနှင့် စိန်ပန်းလမ်းတွင် နေထိုင်သူ အသက်(၂၂)နှစ်အရွယ် ဖိုးကျော်ဆိုသူ ထပ်မံရောက်ရှိလာသဖြင့် ၎င်းကိုပါ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဖိုးကျော်ဆိုသူမှာ ယခင်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းစိပ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးထားသည့် အမျိုးသားလေးဦးကို မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးလျှက်ရှိပြီး ကနဦး စစ်ဆေးပေါ်ပေါက်ချက်အရ လေးဦးအနက် ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်မှ အမျိုးသားနှစ်ဦးမှာ AA အဖွဲ့ဝင်များ ဖြစ်ကြောင်း ထွက်ဆိုထားပြီး အခြားတစ်ဦးမှာ အဆိုပါ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးသူ ဖြစ်ကာ ကျန်တစ်ဦးမှာ ၎င်းအိမ်သို့ ခေတ္တအလည်လာရောက်စဉ် ဖမ်းဆီးခံရသူဖြစ်သည်ဟု ထွက်ဆိုထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် အဆိုပါ ဖောက်ခွဲရေးပစ္စည်းများမှာ မန္တလေးမြို့တွင် ဖောက်ခွဲရန် ဖြစ်နိုင်ခြေနည်းပြီး အခြားနေရာဒေသ၊ အဖွဲ့အစည်းတစ်ခုခုထံ ပေးပို့ရန်အတွက် ဖြစ်နိုင်ခြေများကြောင်း ၎င်းက သုံးသပ်သည်။ မန္တလေးမြို့တွင် ဖောက်ခွဲရန်အတွက်ဆိုလျှင် အဆိုပါ ပစ္စည်းများကို တပ်ဆင်ဖောက်ခွဲရန် အချိန်ရော၊  ပညာရှင်ပါ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

“ဒီပစ္စည်းတွေ ဘယ်ကဘယ်လို လာတယ်ဆိုတာ စစ်ဆေးနေတုန်းပဲ။ သေချာတာတခုကတော့ တိုက်ခိုက်ရေးဘက်မှာ သုံးဖို့များတယ်။ တခြားအဖွဲ့အစည်းတခုခုကို ပို့ဖို့ပဲဖြစ်နိုင်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက သုံးသပ်သည်။

သို့သော် မန္တလေးမြို့ပေါ်တွင် ယခုကဲ့သို့ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီးနောက် လုံခြုံရေးပိုမိုတိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားလေးဦးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၀(ဈ)နှင့် ပုဒ်မ ၅၁(ဂ)တို့သည် အကြမ်းဖက်ဗုံခွဲတိုက်ခိုက်ခြင်းနှင့် ထိုသို့ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ရန် အားပေးကူညီသည့်အနေဖြင့် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းဆိုင်ရာ ပြစ်မူပုဒ်မများဖြစ်သည်။ ပြစ်ဒဏ်စီရင်ခြင်းခံရပါက အကြမ်းဖက်မူ တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၀(ဈ)အရ ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး တစ်သက်အထိ ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကြမ်းဖက်မူ တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရလည်း ထောင်ဒဏ်ငါးနှစ်မှ ဆယ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိသူများ။ ဓါတ်ပုံ – …

Leave a Reply

Your email address will not be published. Required fields are marked *