တာဝန်ပေးလျှင် မြို့တော်ဝန်အဖြစ် ဆက်လက်ထမ်းဆောင်မည်၊ ရွေးကောက်ပွဲမဝင်၊ အခြားရာထူး မယူဟု ဒေါက်တာရဲလွင်ဆို

မောင်မင်းမော်၊ စက်တင်ဘာ-၁၂

လာမည့် ၂၀၂၀ရွေးကောက်ပွဲအလွန်ကာလ အစိုးရသစ်ဖွဲ့စည်းချိန်တွင် လိုအပ်၍ တာဝန်ပေးအပ်လာပါက မန္တလေးမြို့တော်ဝန်အဖြစ် ဆက်လက်တာဝန်ယူ လုပ်ကိုင်မည်ဖြစ်ကြောင်း ဒေါက်တာရဲလွင်က ပြောသည်။

“တိုင်းပြည်က တာဝန်ပေးမယ်ဆိုရင်ပေါ့။ တာဝန်ယူဖို့ အဆင့်သင့်ပါပဲ။ ဒါပေမယ့် တခြား Post(ရာထူး)ဆိုရင်တော့ လက်မခံဘူး။ မဖြစ်နိုင်ဘူး။ ကိုယ်နိုင်နင်းတဲ့ဟာမျိုးပဲ လုပ်ချင်ပါတယ်။ ကိုယ့်ကြောင့်တစ်ခုခု လစ်ဟာသွားမှာ သိပ်စိုးရိမ်တယ်”ဟု ဒေါက်တာရဲလွင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မန္တလေးမြို့တော်ဝန် (မန္တလေးမြို့တော် စည်ပင်သာယာရေးကောမတီ ဥက္ကဌ)အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခံရသည့် အသက်(၆၇)နှစ်အရွယ် မျက်စိဆရာဝန်ကြီး ဒေါက်တာရဲလွင်သည် သက်တမ်းသုံးနှစ်ကျော်အတွင်း မန္တလေးမြို့ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးထားနိုင်ပြီး ပြည်တွင်း၊ပြည်ပမှ ချီးကျူးဂုဏ်ပြုမူများ လက်ခံရရှိနေသည်။

သို့သော် ဇနီးသည်၏ ကျန်းမာရေးအခြေအနေကြောင့် လက်ရှိရာထူးတာဝန်မှ နှုတ်ထွက်ရန် နှစ်ကြိမ်အထိ ကြိုးစားခဲ့ဖူးပြီး မန္တလေးတိုင်းဝန်ကြီးချုပ်၏ မေတ္တာရပ်ခံချက်ကြောင့်သာ ဆက်လက်တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။

“အမှန်တိုင်းပြောရရင် ကျွန်တော့်ဇနီးက ကျန်းမာရေး မကောင်းဘူး။ အခုလောလောဆယ် ဆေးရုံမှာပါ။ ကျန်းမာရေးကြောင့် နှုတ်ထွက်ဖို့ ကြိုးစားတာ နှစ်ခါရှိသွားပါပြီ”ဟု ၎င်းက ဆိုသည်။

သို့သော် မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တဆင့်ပြီးတဆင့် လုပ်ဆောင်ရမည်ဖြစ်ရာ အခြေခံအဆောက်အဦးများ ချကာ ပြုစုပျိုးထောင်ခါစ ရှိသေးသည့်အတွက် တာဝန်ပေးအပ်မည်ဆိုလျှင် နောက်ထပ် သက်တမ်းတစ်ခု ဆက်လက်တာဝန်ယူလုပ်ကိုင်မည်ဟု ဆိုသည်။

သို့သော် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်သလို စည်ပင်သာယာနှင့် သက်ဆိုင်ခြင်း မရှိသည့် အခြားရာထူးတစ်ခုခု ကမ်းလှမ်းလာပါကလည်း လက်ခံမည်မဟုတ်ဘဲ ကိုယ်တိုင်နီးစပ်သည့် နေရာတွင်သာ ဆက်လက် တာဝန်ယူလိုသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

“ဝင်အရွေးခံမှာတော့ မဟုတ်ပါဘူး။ အကြံပေးအရာရှိ ဖြစ်ဖြစ် အခုလက်ရှိ post (ရာထူး)ပဲ ဖြစ်ဖြစ်၊ တခုခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပျိုးထားတဲ့ အပင်ရှင်သန်ဖို့ အညွန့်လေး စထွက်ခါပဲ ရှိပါသေးတယ်။ တခုပြီးတခု၊ တဆင့်ပြီးတဆင့်ပေါ့။ မန္တလေးအတွက် အခြေခံ ချပေးပြီးသွားပြီပေါ့နော်။ တိုင်းအတွက်လည်း ဒီကနေ ပံ့ပိုးပေးရတာတွေ အများကြီးရှိလာပြီ။ ပြောရရင် ၆၂ (၁၉၆၂အာဏာသိမ်းဖြစ်ရပ်) တုန်းကလိုမျိုး ပြန်ပြီးပျက်သွားမှာ အရမ်းစိုးရိမ်တယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ ထောက်ခံမူလည်းရတယ်၊ ကိုယ့်ကို support (ဝိုင်းဝန်းကူညီ) လုပ်တဲ့သူတွေလည်း ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပေးတဲ့ ပီတိက မျက်စိဆရာဝန်ဘဝက ရတဲ့ပီတိထက် အဆပေါင်းများစွာ များပါတယ်”ဟု ဒေါက်တာ ရဲလွင်က ပြောသည်။

ထို့အပြင် လက်ရှိ မန္တလေးမြို့တော် စည်ပင်အနေဖြင့် အပြောင်းအလဲများ ဖော်ဆောင်နိုင်ခြင်းမှာ မြို့တော်ဝန်တစ်ဦးထဲမှ တစ်ဦးတစ်ယောက် ကောင်းခြင်းကြောင့် မဟုတ်ဘဲ အောက်ခြေဝန်ထမ်းမှ အစ အားလုံးပြောင်းလဲလာသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြို့တော်ဝန် ဒေါက်တာရဲလွင်လက်ထက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် ပြီးခဲ့သည့် ဧပြီလတွင် ပြည်ပရောက်မြန်မာများ စုပေါင်းဖွဲ့စည်းထားသော ပြည်သူ့ဂုဏ်ရည်အသင်းက ချီးမြှင့်သည့် (၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို လက်ခံရရှိခဲ့သည်။ အဆိုပါ ဆုလက်ခံရယူရာတွင် မြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်းအနေဖြင့် မြို့တော်ဝန်၏ အဆောင်အယောင်၊ ခံစားခွင့်များ လက်ခံရယူခြင်းမရှိဘဲ  မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးကို ချစ်စိတ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်။ ဓါတ်ပုံ – Ye Lwin FB.

Leave a Reply

Your email address will not be published. Required fields are marked *