မန္တလေးတွင် ကိုယ်ပိုင်ကျောင်း ပိုင်ရှင် ဇနီးမောင်းနှံကို ကျပ်သိန်းသုံးရာ လိမ်လည်မူဖြင့် အမူဖွင့်

ဘုံကမ္ဘာထွန်း၊ စက်တင်ဘာ-၁၅

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ထားသူ ဇနီးမောင်နှံကို ငွေကျပ်သိန်းသုံးရာ လိမ်လည်မူဖြင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အမှုဖွင့်တိုင်တန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်ဖွင့်လှစ် လုပ်ကိုင်နေသည့် ဇနီးမောင်နှံသည် ၎င်းတို့၏ ကိုယ်ပိုင်ကျောင်းအား တိုးချဲ့ပြင်ဆင်ရန်ဟုဆိုကာ ငွေကျပ်သိန်းသုံးရာ ချေးယူခဲ့ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်ပေးဆပ်ခြင်းမရှိ၍ ငွေချေးသူ ဇနီးမောင်နှံနှင့် စာချုပ်ချုပ်ဆိုရာတွင် အသိသက်သေအဖြစ် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးတို့ကို အရေးယူပေးရန် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက စက်တင်ဘာ(၁၃)ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း၌ အမူဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ထားသူ ဇနီးမောင်နှံနှင့် ငွေချေးပေးခဲ့သည့် အိမ်ခြံမြေအကျိုးဆောင်တို့မှာ ခင်မင်ရင်းနှီးသူများဖြစ်ပြီး ၂၀၁၈  ဒီဇင်ဘာလဆန်းပိုင်းက ငွေကျပ်သိန်းသုံးရာကို အသိမိတ်ဆွေ၏ နေအိမ်၌ အသိသက်သေများ ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုကာ ချေးခဲ့ပြီး သုံးလပြည့်လျှင် ပြန်လည်ပေးဆပ်ရန် နှစ်ဖက်သဘောတူခဲ့သည်ဟု ဆိုသည်။

သို့သော် သုံးလပြည့်ချိန် ချေးငွေပြန်ဆပ်ရန်  တောင်းခံခဲ့ရာ ငွေပြန်လည် ပေးဆပ်ခြင်းမရှိသလို အဆက်အသွယ်ဖြတ်ကာ ပုန်းရှောင်နေသည်ဟု ယူဆသည့်အတွက် အမူဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ငွေချေးယူကာ ပြန်လည်ပေးဆပ်ခြင်း မရှိဘဲ ပုန်းရှောင်နေသည့် ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဇနီးမောင်နှံနှင့် အခြား အမျိုးသမီးတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *