စည်ပင် အခွန်အကောက်ရငွေ ကျပ်သိန်း(၄၀)ကျော် ဌာနသို့ ပေးသွင်းခြင်း မရှိသည့် စည်ပင်ဌာနခွဲစာရေးကို အမှုဖွင့်

ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး တိမ်းရှောင်နေဟုဆို

သူရိန်မင်း၊ ဒီဒါင်းမေ၊ မတ်-၁၄

စည်ပင်သာယာ အခွန်အကောက်ရငွေ ကျပ်သိန်း(၄၀)ကျော်အား ဌာနသို့ ပေးသွင်းခြင်း မရှိဘဲ အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဌာနခွဲစာရေး အမျိုးသမီးတစ်ဦးကို အမှုဖွင့်တိုင်တန်းထားကြောင်း စည်ပင်နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ငွေများအား ဌာနသို့ ပေးသွင်းခြင်းမရှိဘဲ အလွဲသုံးစားပြုလုပ်သူ၊ ရာထူးမှ ထုတ်ပယ်ခံထားရသည့် ဌာနခွဲစာရေးအား ဥပဒေအရ အရေးယူပေးပါရန် စည်ပင်သာယာ အခွန်ဌာန၊ ဌာနခွဲမှူးက မတ်လ(၁၀)ရက်တွင်  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ် မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။

မန္တလေးမြို့တော်စည်ပင် အခွန်ဌာနမှ ဌာနခွဲစာရေး အမျိုးသမီးတစ်ဦးသည် (၂၀၁၇-၂၀၁၈) ဘဏ္ဍရေးနှစ်နှင့် (၂၀၁၈)ခုနှစ် ကြားကာလ(၆)လအတွင်း စက်သုံးဆီ သယ်ဆောင်သည့်ယာဉ်များ မြို့တွင်း ဝင်၊ထွက်ခွင့်အတွက် ကောက်ခံထားသည့် ပြေစာ(၅၁)စောင်မှ ငွေကျပ်(၄၃)သိန်းကျော်ကို စည်ပင်ရံပုံငွေသို့ ပေးသွင်းခြင်းမရှိဘဲ အလွဲသုံးစားပြုလုပ်ထားခဲ့သည်ဟု ဆိုသည်။ ထိုသို့ အခွန်အကောက်ရငွေများ စည်ပင်သာယာသို့ ပေးသွင်းခြင်း မရှိသည်ကို စစ်ဆေးရေးဌာနမှ (၂၀၁၉) နိုဝင်ဘာ(၁၅)ရက်တွင် စစ်ဆေးတွေ့ရှိသဖြင့် လာရောက်ဖြေရှင်းရန် အကြောင်းကြားသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းခြင်းမရှိဘဲ ရှောင်တိမ်းနေသည်ဟု ဆိုသည်။ ထို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဇန်နဝါရီ(၁၀)ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ စည်ပင်ပိုင်ငွေများ ဌာနသို့ ပေးသွင်းခြင်း မရှိဘဲ အလွဲသုံးစား ပြုလုပ်ထားသူကို ဥပဒေအရ အရေးယူပေးပါရန် စည်ပင် အခွန်ဌာန၊ ဌာနခွဲမှူးက တရားလိုလုပ်၍ ရဲစခန်းး၌ အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ ဌာနခွဲစာရေး အမျိုးသမီးသည် အသက်(၅၀)ဝန်းကျင်အရွယ် ဖြစ်ပြီး အထက်ပါ ငွေကြေးကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ(၁၅)ရက်တွင် အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်းရရှိသည်။

Photo – ဒီဒါင်းမေ

စည်ပင်ပိုင်ငွေများ ဌာနသို့ ပေးသွင်းခြင်း မရှိသဖြင့် အခွန်ဌာနမှ ဌာနခွဲစာရေးတစ်ဦးကို အမှုဖွင့်ထားသည်မှာ မှန်ကန်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။

“သူ့အဆိုအရ သူ့ညီမလေးက နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါရှိတယ်။ ဆေးကုပေးရတဲ့ ကုန်ကျစရိတ်တွေကြောင့်မို့ သူကောက်ခံရရှိတဲ့ ငွေတွေကို အပြည့်မသွင်းဘဲနဲ့ ထားတာ။ စစ်ဆေးတွေ့ရှိတဲ့ အတွက်ကြောင့် ပြန်သွင်းခိုင်းတယ်။ မသွင်းလို့မို့ အမှုဖွင့်တာ” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

ထိုသို့ ကောက်ခံရငွေများ ဌာနသို့ ပေးသွင်းထားမှု မရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သလို ငွေပြန်လည်ပေးသွင်းရန် အချိန်သတ်မှတ်၍ စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ပေးသွင်းခြင်း မရှိ၍ အမှုဖွင့်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူ့ကို ငွေသွင်းဖို့ အချိန်ပေးတယ်။ ဘယ်နေ့ နောက်ဆုံးထားပြီး သွင်းပါဆိုတာ အချိန်စောင့်ပေးတာ ရှိတယ်။  သူ့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်တယ်။  စုံစမ်းစစ်ဆေးရေးအဖွဲ့က မှန်ကန်ကြောင်း တွေ့ပြီဆိုရင် EC အစည်းအဝေးကိုတင်။ EC ရဲ့ ဆုံးဖြတ်ချက်နဲ့ ဘယ်နေ့ နောက်ဆုံးထားပြီး သွင်းပါ။ မသွင်းရင် အမှုဖွင့်မယ် ဆိုတာမျိုး လုပ်တာ။ အဲ့လိုလုပ်တဲ့အတွက်ကြောင့် ချက်ချင်းကြီး ခုတွေ့၊ ခုဖြုတ်၊ ခုအမှုဖွင့်တာ မဟုတ်ဘူး။ ဟုတ်၊မဟုတ် စစ်ဆေးတာ။ စစ်ဆေးတွေ့ရှိတာ မှန်ကန်တဲ့အခါ သူ့ကို အချိန်နည်းနည်းပေးပြီး ငွေသွင်းခိုင်းတယ်။ သူက မသွင်းနိုင်တော့လို့ အမှုဖွင့်လိုက်တာ”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စည်ပင်ပိုင်ငွေများ ဌာနသို့ ပေးသွင်းခြင်း မရှိသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဌာနခွဲစာရေး အမျိုးသမီးကို မန္တလေးမြို့ အမှတ်(၃)ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ (ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု) ဖြင့် အမှုဖွင့်ထားသည်။

မန္တလေးမြို့တော်စည်ပင် စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ စက်သုံးဆီဂိုဒေါင်တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-၂ အမျိုးသားတစ်ဦးသည်လည်း ကျပ်သိန်း(၇၈၀၀)ကျော် တန်ဖိုးရှိ စက်သုံးဆီ ဂါလံ(၁၈၀၀၀၀)ကျော် အလွဲသုံးစား ပြုလုပ်ထားပြီး ထွက်ပြေးတိမ်းရှောင်လျှက် ရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးျနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ စည်ပင်သာယာ အမြဲတန်းဝန်ထမ်း (၅၉)ဦးနှင့် ယာယီဝန်ထမ်း (၁၆၆)ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု ဆိုသည်။

Photo- ဒီဒါင်းမေ

#Mandalay_Indepth_News

#Mandalay_News #မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ #အလွဲသုံးစားမှု

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်