မန္တလေးတိုင်းအတွင်း ဆန်ရိက္ခာ ဖူလုံပြီး ပြည်သူများ တစ်နှစ်ကျော် ထိုင်စား၍ မကုန်နိုင်ကြောင်း ဝန်ကြီး ဦးဇာနည်အောင်ပြော

မောင်မင်းမော်၊ မတ်-၂၆

မန္တလေးတိုင်းအတွင်း ဆန်ရိက္ခာ ဖူလုံမှုရှိပြီး တိုင်းအတွင်းရှိ ပြည်သူ (၆)သန်းကျော် တစ်နှစ်ခွဲ ထိုင်စား၍ပင် မကုန်နိုင်သဖြင့် စိုးရိမ်မှု မဖြစ်ကြရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19ရောဂါပိုး ကူးစက်ခံရသူ သုံးဦး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် မတ်လ(၂၄)ရက်တွင် မန္တလေးမြို့ အပါအဝင် ဒေသအချို့၌ ဆန်၊ဆီ၊‌ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ အလုအယက် ဝယ်ယူစုဆောင်းမှုများ ရှိခဲ့သည်။ ထိုသို့ ဝယ်ယူမှုများကြောင့် ဆန်နှင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့သော အခြေအနေတွင် မန္တလေးတိုင်းအတွင်းရှိ ပြည်သူများအတွက် ဆန်ရိက္ခာ အပြည့်ရှိသဖြင့် မစိုးရိမ်ကြရန်နှင့် ဆန်များ လုယက်ဝယ်ခြင်း မပြုကြရန် ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးက ဆန် လိုအပ်ချက်ရှိတဲ့ တိုင်းဒေသကြီး ဖြစ်တယ်။ သို့သော် ကျွန်တော်တို့ ဝယ်ထားတာသည် မန္တလေးတိုင်းမှာရှိတဲ့ လူဦးရေ ခြောက်သန်း၊ တစ်နှစ်ခွဲထိုင်စားနေ မကုန်ဘူးဗျာ။ မစိုးရိမ်ဖို့ပါ။ အဲဒီလို မစိုးရိမ်ဖို့ ပြည်သူတွေ သိစေချင်တယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်/Photo - Mg Min Maw
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်/Photo – Mg Min Maw

ပြီးခဲ့သည့်နှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ဒသမ၂သန်းအထိ တင်ပို့ရောင်းချ ခဲ့သော်လည်း ယခုနှစ်တွင် ဆန်တန်ချိန် ၂သန်းသာ တင်ပို့ ရောင်းချထားခြင်းကြောင့် ပြည်တွင်းစားသုံးနိုင်မှု ထက်ပင် ဆန်ရိက္ခာ ဖူလုံမှုရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စားသုံးဆီနှင့် အသားငါးများလည်း ဖူလုံမှု ရှိပြီး စားသုံးဆီများကို ပုံမှန်အတိုင်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ သင်္ဘောများဖြင့် တင်သွင်းလျှက်ရှိပြီး ကူးသန်းရောင်းဝယ်ရေး မပျက်‌ကြောင်း ၎င်းက ပြောသည်။ ပြည်တွင်း သားငါး ထုတ်လုပ်မှုသည်လည်း ပုံမှန်အတိုင်း ထုတ်လုပ်လျှက်ရှိသည့်အတွက် အများပြည်သူအ‌နေဖြင့် အစားအသောက်ရိက္ခာ ပြတ်လပ်မည်ကို ပူပန်စရာမလိုကြောင်း ဦးဇာနည်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ပြတ်လပ်နိုင်ခြေ မရှိဘဲ လူအုပ်စုကြား တိုးဝှေ့ဝယ်ယူခြင်းကြောင့် ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားသည်ကို သတိပြုရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိပေး ပြောကြားထားသည်။

COVID_19 ရောဂါ အခြေအနေနှင့် ပတ်သက်၍ မတ်လ(၂၄)ရက် ညနေပိုင်းက အများပြည်သူသို့ အစီရင်တင်ပြသည့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ Covid-19ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း သတိပေးသည်။

“Covid-19 ကူးစက်ခံရတဲ့သူ နှစ်ဦးတွေ့တယ်လို့ သတင်းထွက်လာတာနဲ့ တပြိုင်တည်း ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်တဲ့သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ လူအုပ်ထဲ သွားတိုးဝယ်လို့ ရောဂါကူးမယ့် အလားအလာက ပိုပြီးတော့ များပါတယ်။ မပြန့်သွားဖို့အတွက် ပြည်သူတွေသာ အဓိကပါ။ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာ အဓိကဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ဈေးနှင့် အရောင်းအဝယ် စင်တာများကို ပိတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က အသိပေးသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့သို့ စေတနာရှင် ပြည်သူများမှ လာရောက်လှူဒါန်းလျှက် ရှိပြီး မတ်လ(၂၄)ရက်အထိ ကာကွယ်ရေးပစ္စည်းအပါအဝင် လှူဒါန်းငွေ ကျပ်သိန်းငါးထောင်ခန့် ရရှိထားသည်ဟု ဦးဇာနည်အောင်က ဆိုသည်။ အဆိုပါ လှူဒါန်းငွေများဖြင့် မန္တလေးတိုင်းအတွင်း COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သလို တိုင်းအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရံပုံငွေသည်လည်း ကျပ်ဘီလီယံနှင့်ချီကာ ရှိသည်ဟု ၎င်းက ပြောသည်။

“ဒီရံပုံငွေဟာ ပြည်သူများ အခုလို ကပ်ရောဂါ ကျရောက်တဲ့အခါ သုံးစွဲဖို့ တိုင်းအစိုးရအဖွဲ့က အဆင်သင့်ရှိပါတယ်” ဟု ဦးဇာနည်အောင်က ပြောသည်။

လက်ရှိအချိန်တွင်မူ မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းအတွင်း၌ ကုန်ပစ္စည်း အလုအယက် ဝယ်ယူမှုများ မရှိသလောက် လျှော့နည်းသွားပြီဟု ဒေသခံ ကုန်သည်လုပ်ငန်းရှင်များက ပြောသည်။

COVID-19 ဂယက်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှု မရှိစေရန် မန္တ‌လေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)က ဦးဆောင်၍ မန္တလေးခရိုင်အတွင်းရှိ ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းချခဲ့သလို မန္တလေး ဆန်ကုန်သည်များ အသင်းကလည်း ၎င်းတို့ထံတွင် ဆန် အများအပြား ရှိနေသည့်အတွက် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်းနှင့် ဈေးနှုန်းမတက်ရန်လည်း စီစဉ်ထားကြောင်း မန္တလေးတိုင်း ဆန်ကုန်သည်အသင်း တာဝန်ရှိသူများက ပြောသည်။

တချိန်တည်းမှာပင် အများပြည်သူ အနေဖြင့် စိုးရိမ်လွန်ပြီး ကုန်ပစ္စည်း ဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ကြရန်နှင့် ကုန်ပစ္စည်း ဈေးတင်ရောင်းချနေမှုများ တွေ့ရှိပါကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားကြရန် မန္တလေးတိုင်းအတွင်းရှိ ရပ်ကွက်၊ကျေးရွာအချို့၌ လိုက်လံအသိပေးမှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် မတ်လ(၂၃)နှင့် (၂၄)ရက်က COVID-19 ရောဂါ ဖြစ်ပွားသူ အမျိုးသား သုံးဦး တွေ့ရှိခဲ့ပြီး မတ်လ(၂၅)ရက်တွင်မူ ရောဂါ ကူးစက်ဖြစ်ပွားသည့် လူနာသစ် မရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ COVID-19 ရောဂါ ဖြစ်ပွားနေသူ သုံးဦးမှာ ရန်ကုန်တွင် နှစ်ဦးနှင့် ချင်းပြည်နယ် တီးတိန်မြို့တွင် တစ်ဦးဖြစ်ပြီး ၎င်းတို့ကို စောင့်ကြပ်ကြည့်ရှု့ ကုသပေးလျှက် ရှိသည်ဟု ဆိုသည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်