ဂရိနိုင်ငံက မြန်မာ့သကြား လစဉ် တန်ချိန်(၁၀၀၀) ဝယ်လိုကြောင်း ကမ်းလှမ်း

ထက်ဘုန်းခေါင်၊ ဇန်နဝါရီ-၂၉

ဂရိနိုင်ငံမှ ကုန်သည်တစ်ဦးက ဆိပ်ကမ်းအရောက် (FOB)စနစ်ဖြင့် လစဉ် မြန်မာ့သကြား တန်ချိန်(၁၀၀၀) ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

သကြားတစ်တန်လျှင် ဒေါ်လာ(၄၀၀)နှုန်းဖြင့် လစဉ် သကြားတန်(၁၀၀၀) ဝယ်ယူလိုကြောင်း ဂရိနိုင်ငံမှ ကုန်သည်တစ်ဦးက ကမ်းလှမ်းလာမှုကို ပြည်တွင်း သကြားထုတ်လုပ် တင်ပို့ရောင်းချသူများ သိနိုင်ရန်အတွက်ဆိုကာ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဇန်နဝါရီ(၂၇)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သကြားတင်ပို့ ရောင်းချလိုသော ကုန်သည်များအနေဖြင့် အသင်းရုံးသို့ ဆက်သွယ်နိုင်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

“အသင်းကို ဆက်သွယ်လာလို့ အားလုံးသိအောင် ဖြန့်ဝေပေးတာပါ။ ဝယ်သူကတော့ တခြားဘာမှ မပြောဘူး။ တစ်လကို တန်(၁၀၀၀)ဝယ်မယ်။ ဝယ်သူ လိုတဲ့ပမာဏကို ရောင်းချင်တဲ့သူက ပို့နိုင်ရင်၊ အဆင်ပြေရင် ရပြီ။ ဆိပ်ကမ်းအရောက် တစ်တန်ကို ဒေါ်လာ ၄၀၀ (FOB)နဲ့ ရောင်းရမှာ”ဟု ဦးစိုးလင်းက ပြောသည်။

၎င်းဈေးနှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ဈေးထက် အနည်းငယ် ဈေးပိုရကြောင်း ၎င်းက ဆိုသည်။

“တရုတ်က တရားဝင် ဝယ်နေတာ မဟုတ်ဘူး။ ဒီတော့ ဈေးက ပုံသေပြောလို့ မရဘူး။ တရားဝင် ဈေးကွက်မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်၍ မြန်မာနိုင်ငံဘက်က သကြားများ မှောင်ခိုပို့သည်ဟု ဆိုကာ တရုတ်အစိုးရက သကြားတင်ပို့များကို ပိတ်ပင်ဖမ်းဆီးခဲ့သည်။

ထို့အတွက် ပြည်တွင်း၌ သကြားများ ပိုလျှံနေပြီး ဈေးနှုန်းကျဆင်းလျှက် ရှိသည်။ တရုတ်နိုင်ငံသို့ သကြားတင်ပို့နိုင်ခြင်း မရှိ၍ ပြည်တွင်းသကြားစက်ရုံများ၌ သကြားတန်ချိန်များစွာ ရောင်းမထွက်ဘဲ ဖြစ်နေသလို သကြားဈေး ကျဆင်း၍ ကြံစိုက်တောင်သူများ အထိနာလျှက်ရှိသည်ဟု ကြံသကြားလုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများက ပြောသည်။

စက်မူကုန်ကြမ်း သီးနှံဖြစ်သည့် ကြံနှင့်သကြားသည် မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်များထဲတွင် ပါဝင်ပြီး နိုင်ငံတဝန်း နှစ်စဉ် ကြံသီးနှံ ဧက (၄)သိန်းကျော် စိုက်ပျိုးကာ သကြားတန်ချိန် (၄)သိန်းဝန်းကျင် ထွက်ရှိသည်။ သကြားသည် ပြည်တွင်းစာသုံးမူ ဖူလုံရုံသာမက ဆန်၊စပါးကဲ့သို့ပင် ပြည်ပသို့ တင်ပို့ ရောင်းချနိုင်သည်။

ယခုနှစ် ကြံရာသီတွင် သကြားဈေးကျပြီး စက်ရုံများမှ ဈေးကောင်းပေး ဝယ်ယူနိုင်ခြင်း မရှိသောကြောင့် ကသာ၊ ထီးချိုင့်စသည့် ဒေသများမှ ကြံစိုက်တောင်သူများက ပထမဆုံးအကြိမ်အဖြစ် ကြံကုန်ကြမ်းများကို မိုင်(၂၀၀)ကျော်ဝေးသည့် လွယ်ဂျယ်နယ်စပ်အရောက် သွားရောက် ရောင်းချမှုများ ရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်