ထိုင်းမှ ပြန်လာသူနှင့် COVID-19 ရောဂါရှိ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူတို့ COVID-19 ရောဂါ ကူးစက်ခံရ

တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါရှိ လူနာ(၁၀)ဦး ရှိလာပြီး အဆိုပါလူနာများနှင့် ထိတွေ့ခဲ့၍ စောင့်ကြည့်နေသူ (၄၇၀)ကျော် ရှိနေ

Mandalay In-depth News၊ မတ်-၂၉

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသားတစ်ဦးနှင့် COVID-19 ရောဂါရှိ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်နေ အမျိုးသားတစ်ဦးတို့တွင် COVID-19 ရောဂါ ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း ယင်းရောဂါ ကူးစက်ဖြစ်ပွားသူ (၁၀)ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ(၂၉)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်နေ အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး မတ်(၂၃) ရက်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ်လ(၂၆) ရက်တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှာ မတ်လ(၂၆) ရက်တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပုလဲမြို့သစ် ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Photo-MOHS

မင်္ဂလာတောင်ညွှန့်မြို့နယ်နေ ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် အသက်(၄၅)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05)နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် မတ်လ(၂၈) ရက်တွင် ဝေဘာဂီ အထူးကုဆေးရုံ၌ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိသူ ဖြစ်သည်။  ၎င်းထံမှ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ဝေဘာဂီ အထူးကုဆေးရုံကြီး၌ သီးခြားထားရှိ၍ ဆက်လက် ကုသမှု ပေးမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo – MOHS

တစ်ချိန်တည်းမှာပင် မတ်လ(၂၃)ရက်မှ (၂၈)ရက်အထိ မြန်မာနိုင်ငံအတွင်း COVID-19 ဓါတ်ခွဲအတည်ပြုလူနာ (၈)ဦး ရှိခဲ့ပြီး အဆိုပါ လူနာများနှင့် ထိတွေ့မှု ရှိခဲ့သူ (၄၇၀)ကျော် ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေံခဲ့သူများကို ရှာဖွေထောက်လှမ်းခဲ့ရာ (၄၇၀)ကျော် တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊မရှိနှင့် ရှိခဲ့ပါက ထပ်မံကူးစက်ပြန့်ပွားခြင်း မရှိစေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု့ခြင်းများ ဆောင်ရွက်လျှက် ရှိသည်ဟု ဒေါက်တာမြင့်ထွေးက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။

COVID-19 ဓါတ်ခွဲအတည်ပြုလူနာ (၁၀)ဦးအနက် ယနေ့ မတ်လ(၂၉)ရက်ညနေပိုင်းအထိ အတည်ပြု လူနာ(၆)ဦးမှာ ကျန်းမာရေး ကောင်းမွန်ပြီး နှစ်ဦးကိုမူ ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ကုသပေးလျှက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Photo – Forbes

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်