မန္တလေးမြို့ ဈေးများရှိ စားသောက်ကုန်နှင့် ဆေးပစ္စည်းဆိုင်များမှ လွဲ၍ ကျန်ဈေးဆိုင်များ ယနေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ထားရမည်

ဒီဒါင်းမေ၊ မတ်-၂၈

မန္တလေးမြို့ရှိ ဈေးများတွင် ယနေ့မတ်လ (၂၈) ရက်မှ စတင်၍ စားသောက်ကုန်၊ ဟင်းသီးဟင်းရွက်၊ သားငါးဆိုင်နှင့် ဆေးဆေးပစ္စည်းဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့် ပြုတော့မည်ဖြစ်ပြီး ကျန်ရှိသည့် အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ဆိုင်များ ပိတ်ထားရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – Mg Min Maw
မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – Mg Min Maw

မန္တလေးမြို့ပေါ်ရှိ ဈေးများ၌ စားသောက်ကုန်နှင့် ပတ်သက်သည့် ဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချခွင့် ပြုခြင်းဖြစ်ပြီး ကျန်ဆိုင်များ ပိတ်ရမည်ဖြစ်ကြောင်း၊ ပိတ်သိမ်းသည့် ဆိုင်များမှ ပစ္စည်းများကို အိမ်သို့သယ်ယူ ရောင်းချနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က Mandalay In-depth News အားပြောသည်။

“ကျန်ုဆိုင်များအားလုံး ဒီနေ့မနက်ကစပြီး ပိတ်မည့်အကြောင်း အကျိုးတော်ဆောင်များနဲ့ အတူ ကြေညာရန်၊ ညနေအထိ လိုအပ်တဲ့ပစ္စည်းများ အိမ်သယ်ရောင်းချင်ပါက ခွင့်ပြုရန်၊ ရုတ်ရုတ်သဲသဲ မဖြစ်ရေး အထူးသတိပြု ညွှန်ကြားရန်ဆိုပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – Mg Min Maw
မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – Mg Min Maw

မန္တလေးမြို့ပေါ်ရှိ ဈေးများအားလုံးတွင် အထက်ပါအတိုင်း ဈေးဆိုင်အချို့ ပိတ်ထားရမည်ဖြစ်ပြီး မန္တလေးဈေးချိုတော်တွင်လည်း ဆိုင်ခန်းအချို့ ပိတ်သိမ်းထားရမည် ဖြစ်သည်။

မန္တလေးဈေးချိုတော်တွင် ယနေ့ ညနေ ၄ နာရီအထိ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်၊ သယ်ယူခွင့်ပေးထားကြောင်း၊ ဈေးရုံဖွင့်ရက်ကို ပြန်လည်ကြေငြာပေးမည်ဖြစ်ကြောင်း ဈေးသူဈေးသားများထံမှ သတင်းရရှိသည်။

“ဒီနေ့ကတော့ သယ်သယ်ရောင်းရောင်းပေါ့။  ဒီနေ့ ၄ နာရီထိ လာဝယ်လို့လည်း ရတာပေါ့။ တချို့ကလည်း စောစောသိမ်းပြီး ပြန်တဲ့သူကလည်း ပြန်ကုန်ကြပြီပေါ့။ ပစ္စည်းလာသယ်တဲ့သူလည်း သယ်ပေါ့။ ဒီနေ့ကတော့ ရောင်းရဝယ်ရတာ အလုပ်ရှုပ်တာပေါ့” ဈေးချို ကံ့ကော်ရုံမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – FDA Mandalay

ရတနာပုံဈေးတွင် အထည်ဆိုင်တန်း၊ ပုဂံတန်းနှင့် သားငါးတန်းဟူ၍ ဖွင့်လှစ်ရောင်းချနေသောဆိုင်ခန်း များရှိရာ အထည်ဆိုင်တန်း၊ ပန်းကန်တန်းနှင့် ပတ်သက်၌ ညနေ ၃ နာရီအထိ ပစ္စည်းသယ်ယူခွင့် ပေးထားကြောင်း ရတနာပုံဈေး ဈေးအကျိုးတော်ဆောင်အဖွဲ့မှ  ဦးမင်းသူက ပြောသည်။

“အထည်ဆိုင်အနေနဲ့ကတော့ ဒီနေ့ ညနေ ၃ နာရီအထိ ဖွင့်ခွင့်ပေးထားပြီးပြီ။ ဘယ်ရက်ပြန်ဖွင့်ရမယ် ဆိုတာကတော့ မကြေငြာသေးဘူးဗျ”ဟု ရတနာပုံဈေး ဈေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးမင်းသူက ပြောသည်။

မန္တလေးမြို့တွင် စည်ပင်ပိုင်ဈေး (၄၀) ကျော် ရှိသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး မန္တလေးမြိုပပေါ်ရှိ အစားအသောက်ရောင်းချသည့် ဈေးဆိုင်များကိုလည်း ဆိုင်တည်ခင်းရောင်းချခြင်း မပြုဘဲ ပါဆယ်အနေဖြင့်သာ ထုပ်ပိုးရောင်းချရန် အုပ်ချုပ်ရေးဌာနက ညွှန်ကြားထားသည်။

လက်ရှိတွင် မန္တလေးမြို့၌ COVID_19 ကူးစက်ဖြစ်ပွားနေသူ တစ်ဦးရှိပြီး တစ်နိုင်ငံလုံးတွင် COVID-19 ကူးစက်ခံရသူ (၈)ဦးအထိ ရှိနေသည်။

Photo – FDA Mandalay

မန္တလေးမြို့ပေါ်ရှိ ဈေးအချို့ကို လွန်ခဲ့သည့် လပိုင်းအတွင်းက တွေ့ရစဉ်/ Photo – Mg Min Maw

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်