မန္တလေးမှ Covid-19 လူနာ ကျန်းမာရေးကောင်း၊

ခိုင်မန္တလေး ယာဉ်ပေါ်ပါ ခရီးသည်များနှင့် အဆက်အသွယ်ရပြီး ပုဂ္ဂလိကဆေးခန်း ဆရာဝန်တစ်ဦး အပါအဝင် လူနာနှင့် ထိတွေ့ခဲ့သူ အချို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေ

ဒီဒါင်းမေ၊ မတ်-၂၇

မန္တလေးမြို့ရှိ Covid-19 ရောဂါ ကူးစက်ခံရသူ အမျိုးသား၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်ကြောင်းနှင့် အဆိုပါ လူနာနှင့် ထိတွေ့မှုရှိခဲ့သူ အချို့ကို နေအိမ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Home Quarantine) လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူများက ပြောသည်။

“(COVID-19 လူနာ၏ ကျန်းမာရေးအခြေအနေ) ကောင်းပါတယ်။ သက်သာလာပါပြီ” ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက Mandalay In-depth News အား ပြောသည်။

ထို့အပြင် အဆိုပါလူနာနှင့် ထိတွေ့ခဲ့သူများအနက် အချို့ကို နေအိမ်အပြင် ထွက်ခွင့်မပြုဘဲ အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ထားပြီး လူနာနှင့်အတူ ခိုင်မန္တလေး ခရီးသည်တင် ယာဉ်တစ်စီးတည်း အတူစီးခဲ့သည့် ခရီးသည်များနှင့်လည်း အဆက်အသွယ်ရပြီဟု မန္တလေး SRT တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ လူနာနှင့် ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ် တစ်စီးတည်းအပေါ် အတူစီးခဲ့သည့် ခရီးသည် (၁၆)ဦး ရှိပြီး ၎င်းတို့အနက် အဆက်အသွယ်ရသည့် ခရီးသည်အချို့၊ ယာဉ်လိုင်းမှ ဝန်ထမ်း (၃)ဦး၊ သုံးဘီးယာဉ်မောင်း အမျိုးသားနှင့် လူနာအမျိုးသား ပြသခဲ့သည့်  ပုဂ္ဂလိကဆေးခန်းမှ ဆရာဝန်များကို  Home Quarantine အဖြစ် နေအိမ်တွင် အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု နေကြောင်း မန္တလေးတိုင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

“ခရီးသည်(၁၆)ယောက်ကတော့ ဆက်သွယ်ထားပြီ။ တချို့ကလည်း ဒီမြို့ကမဟုတ်ဘူး။ တခြား မြို့တွေက။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေကို ဖုန်းဆက် အကြောင်းကြားပြီး သူတို့လည်း သူတို့ သက်ဆိုင်ရာ ပြည်နယ်တွေကနေ Quarantine လုပ်သွားမှာ ဖြစ်ပါတယ်။ (၁၆) ယောက်ထဲက ရသလောက်ကတော့ မန္တလေးက (၂) ယောက်ပဲ ပါပါတယ်။ အဆက်အသွယ် ရရှိထားပါပြီ။ Home Quarantine ကို အိမ်မှာပဲ လုပ်ပေးပါ။ (၁၄) ရက်နေပြီးတော့မှ နေမကောင်းရင် တစ်ခုခုဖြစ်လို့ရှိရင် ကျန်းမာရေးဌာနကို သတင်းပေးပို့ရန် ဆက်သွယ်ထားပြီး ဖြစ်ပါတယ်။ ဆက်သွယ်လို့ မရတာတော့ ကျန်ပါသေးတယ်။ အဲ့ဒါ ဆက်ပြီး လုပ်နေတုန်းပဲ ရှိပါသေးတယ်” ဟု ဒေါက်တာသန်းသန်းမြင့်က ရှင်းပြသည်။

အဆိုပါ COVID-19 ရောဂါပိုး တွေ့ရှိသူ လူနာ အမျိုးသား နေထိုင်ခဲ့သည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ မမ/၂၇၊ တိုက်အမှတ် (၆)ရှိ အခန်း(၁၃)ခန်းမှ ဒေသခံများကို အပြင်ထွက်ခွင့် မပြုဘဲ အသွားအလာ ကန့်သတ်ထားသည်ဟု  မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် လူနာ၏ ဇနီးကို မန္တလေး ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကုသနေပြီး ကျန် မိသားစုဝင် (၅) ဦးကိုလည်း နဒီမြန်မာဟိုတယ်၌ Facility Quarantine အဖြစ် စောင့်ကြည့်နေ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

မန္တလေးမြို့ရှိ covid-19 ရောဂါ ကူးစက်ခံရသူ နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအား ယနေ့ မတ်လ(၂၇)ရက် နံနက်ပိုင်းက တွေ့ရစဉ်/ Photo – KP
မန္တလေးမြို့ရှိ covid-19 ရောဂါ ကူးစက်ခံရသူ နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအား ယနေ့ မတ်လ(၂၇)ရက် နံနက်ပိုင်းက တွေ့ရစဉ်/ Photo – KP

မတ်လ(၂၀)ရက်က မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည့်  အမေရိကန်နိုင်ငံသား ခံယူထားသည့် အသက်(၃၃)နှစ်အရွယ် မြန်မာလူမျိုး အမျိုးသားတွင် covid-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ(၂၇)ရက်တွင် သတင်းထုတ်ပြန်သည်။

၎င်းအမျိုးသားသည် မတ်လ(၁၉)ရက်တွင် အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ Qatar Airline လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် မတ်လ(၂၀)ရက် ည(၁၀)နာရီတွင် ခိုင်မန္တလေး အဝေးပြေးှမှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟု ဆိုသည်။

၎င်းသည် မန္တလေးမြို့သို့ ရောက်ရှိနေထိုင်လျှက်ရှိရာ မတ်လ(၂၂)ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ(၂၅) ရက်တွင် မန္တလေးပြည်သူ့ဆေးရုံ ကြီးသို့ ပြသခဲ့ရာမှ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့ပြီး Covid-19 ရောဂါပိုး ရှိ၊မရှိ ဓါတ်ခွဲနမူနာအား စစ်ဆေးရာ Covid-19 ရောဂါပိုး ကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် မန္တလေးမြို့၌ နဒီမြန်မာဟိုတယ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်နေထိုင်သူ (၁၄)ဦးနှင့် ကန်တော်နဒီ ဆေးရုံတွင် စောင့်ကြည့်လူနာ (၆) ဦးရှိကြောင်း မန္တလေးတိုင်း SRT အဖွဲ့မှ သတင်းရရှိသည်။i

မြန်မာနိုင်ငံအတွင်း မတ်လ(၂၇)ရက် ည(၈)နာရီအချိန်ထိ Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုလူနာ (၅)ဦးရှိပြီး ရန်ကုန်တွင် သုံးဦး၊ မန္တလေးနှင့် ချင်းပြည်နယ် တီးတိန်မြို့၌ တစ်ဦးစီ ဖြစ်သည်။

မန္တလေးမြို့ရှိ covid-19 ရောဂါ ကူးစက်ခံရသူ နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအား ယနေ့ မတ်လ(၂၇)ရက် နံနက်ပိုင်းက တွေ့ရစဉ်/ Photo – KP
မန္တလေးမြို့ရှိ covid-19 ရောဂါ ကူးစက်ခံရသူ နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအား ယနေ့ မတ်လ(၂၇)ရက် နံနက်ပိုင်းက တွေ့ရစဉ်/ Photo – KP

မန္တလေးမြို့ရှိ covid-19 ရောဂါ ကူးစက်ခံရသူ နေထိုင်ခဲ့သည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအား ယနေ့ မတ်လ(၂၇)ရက် နံနက်ပိုင်းက တွေ့ရစဉ်/ Photo – KP

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်