စစ်ကိုင်းမှ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး တရုတ်သို့ လူကုန်ကူးခံရ၊ နယ်စပ်မြို့တွင် မြန်မာအချို့က ကယ်တင်ထားစဉ် တရုတ်များက ဟိုတယ်အတွင်းမှ ခြိမ်းခြောက်ဆွဲခေါ်သွားဟုဆို

မောင်မင်းမော် ၊ နိုဝင်ဘာ-၂၉

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသတွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပထွေး၏ အမတော်စပ်သူက အထည်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု နိုဝင်ဘာ(၁၉)ရက်က ဖြစ်ပွားခဲ့ကြောင်း  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ သတင်းရရှိသည်။

မင်းကွန်းဒေသ ကင်းကျေးရွာမှ အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူသည် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေချိန် ပထွေး၏ အမဖြစ်သူ အသက်(၃၇)နှစ်အရွယ် မစန်းစန်းမူက အထည်ဆိုင် သို့မဟုတ် အိမ်အကူ အလုပ်လုပ်ရမည်ဖြစ်ပြီး တစ်လကျပ်တစ်သိန်းနှစ်သောင်း ရရှိမည်ဖြစ်ကြောင်း လိမ်လည်ခေါ်ဆောင်ကာ တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးငယ် လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ နိုဝင်ဘာ(၂၆)ရက်တွင် Kyaw Kyaw အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက “မိန်းကလေးတစ်ယောက် လူကုန်ကူးခံရပြီး  ငိုနေတယ်။ သူ့အဒေါ်က ထည့်တာတဲ့။ ဒီည သူကွမ်းတုံက တရုတ်လက်ထဲ ပါသွားပြီ” ဟု ရေးသားကာ မိန်းကလေးတစ်ဦးကို မေးမြန်နေသည့် ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် လွှင့်တင်ခဲ့သည်။

အဆိုပါ အမျိုးသမီးငယ်ကို ၎င်းတို့သူငယ်ချင်းတစ်စုက ဟိုတယ်အခန်းတွင်း ခေါ်ယူကာ စောင့်ရှောက်ထားခဲ့သော်လည်း နိုဝင်ဘာ(၂၇)ရက်တွင် အမျိုးသမီးနှစ်ဦးနှင့် တရုတ်အမျိုးသားများ ရောက်ရှိလာပြီး ယင်း အမျိုးသမီးငယ်ကို ယွမ်ငွေတစ်သောင်းဖြင့် ရွေးယူရမည်ဟု ပြောဆိုကာ ၎င်းတို့သူငယ်ချင်းတစ်စုမှ ယွမ်းငွေ(၈၀၀၀)ပေးသော်လည်း မရဘဲ လက်ကိုင်ဖုန်းများနှင့် ငွေများ ခြိမ်းခြောက်ယူငင်သွားသလို အမျိုးသမီးငယ်ကိုလည်း ခြိမ်းခြောက် ဆွဲခေါ်သွားခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ယင်းဗွီဒီယိုဖိုင်တွင် ငိုယိုနေသည့် မိန်းကလေးငယ်တစ်ဦးကို အခြား အမျိုးသမီးနှစ်ဦးနှင့်အတူ တွေ့ရပြီး မိန်းကလေးငယ်က ယင်းအမျိုးသမီးများ ခေါ်ရာနောက်သို့ မလိုက်လိုကြောင်းနှင့် အဒေါ်ဖြစ်သူက အလုပ်ရမည်ဆို၍ လိုက်လာခဲ့သော်လည်း ကြောက်ရွံ့နေကြောင်း ပြောဆိုကာ ကူကယ်ရာမဲ့၍ ငိုယိုနေသည်ကို တွေ့ရသည်။

အဆိုပါ ဗွီဒီယိုဖိုင်နှင့် ဖြစ်စဉ်များမှာ မင်းကွန်းဒေသမှ အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗွီဒီယိုအမှန်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)နှင့်  လူကုန်ကူးခံရသည့် မိန်းကလေးငယ်၏ မိခင်တို့က အတည်ပြုသည်။

ယင်းဗွီဒီယိုဖိုင် တွေ့ရှိချိန်တွင်မှ ၎င်း၏ သမီးငယ် တရုတ်နိုင်ငံသို့ ရောင်းစားခံရသည်ကို သိရှိခဲ့ကြောင်း လူကုန်ကူးခံရသည့် အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်၏ မိခင် ဒေါ်ချိုက Mandalay In-depth News သို့ ပြောသည်။

“ကျွန်မ တော်တော် ခံစားရပါတယ်။ ဝမ်းလည်းနည်းမိပါတယ်။ ကျွန်မ သမီးလေးက ချောချောလှလှလေးပါ။ လုပ်ငန်းအတွေ့အကြုံလည်း ဘာမှ မရှိပါဘူး။ အိမ်မှာလည်း ဘာမှ ခိုင်းမစားပါဘူး။ အခုဟာလည်း သူ့အဒေါ်ပဲဆိုပြီး ကျွန်မယုံပြီး ထည့်လိုက်တာပါ။ ငွေရေးကြေးရေး အဆင်မပြေလို့ သူ့ကို ကျောင်းဆက်မထားဘဲ လေးတန်းနဲ့ ကျောင်းထုတ်ခဲ့တာပါ” ဟု ဒေါ်ချိုက ပြောသည်။

တရုတ်များ လာရောက်ခြိမ်းခြောက် ခေါ်ယူခြင်း မပြုမီ တွေ့ရသည့် အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူ။ မဝင်းမြတ်သူကို ပထွေး၏ အမဖြစ်သူက တရုတ်နိုင်ငံသို့ လူကုန်ကူးခဲ့ခြင်းဖြစ်ပြီး နယ်စပ်မြို့တွင် မြန်မာအချို့က ခေတ္တခေါ်ယူစောင့်ရှောက်ခဲ့သော်လည်း တရုတ်များက ဟိုတယ်မှ ခြိမ်းခြောက်ဆွဲခေါ်သွားသည်ဟု ဆိုသည်။ Photo – Kyaw Kyaw FB.

၎င်း၏ သမီးငယ် မန္တလေးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ရက်ပိုင်းအကြာ  နိုဝင်ဘာ(၁၉)ရက်တွင် ၎င်း၏ ယောက်မဖြစ်သူ မစန်းစန်းမူ နေအိမ်သို့ ရောက်ရှိလာပြီး သမီးဖြစ်သူကို အထည်ဆိုင်ဖြစ်စေ၊ အိမ်အကူဖြစ်စေ တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းဖြင့် အလုပ်ရမည်ဖြစ်၍ ထည့်လိုက်ရန် ပြောဆိုရာ သဘောတူညီသည့်အတွက် မစန်းစန်းမူသည် နိုဝင်ဘာ(၁၉)ရက်တွင်ပင် သမီးငယ်ကို မန္တလေးရှိ လက်ဖက်ရည်ဆိုင်မှ ခေါ်ယူသွားခဲ့သည်ဟု ဒေါ်ချိုက ရှင်းပြသည်။

ထို့နောက် ဗွီဒီယိုဖိုင် တွေ့ရှိချိန်တွင်မှ တရုတ်သို့ ရောင်းစားခံရသည်ကို သိရှိခဲ့ပြီး နိုဝင်ဘာ(၂၈)ရက်တွင် သမီးဖြစ်သူကို ရောင်းစားသည့် မစန်းစန်းမူကို ဖမ်းဆီးအရေးယူပေးရန်နှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် သမီးဖြစ်သူကို ကယ်တင်ပေးရန် မန္တလေးမြို့ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)သို့ လာရောက်တိုင်းတန်းခြင်း ဖြစ်ကြောင်း မိခင်ဒေါ်ချိုက ပြောသည်။

မစန်းစန်းမူသည် အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူကို မန္တလေး လက်ဖက်ရည်ဆိုင်မှတဆင့် တရုတ်နယ်စပ် မူဆယ်မြို့သို့ ခေါ်ဆောင်လာကာ မထက်ဆိုသူထံ အပ်နှံရောင်းစားခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အမည်မသိ အမျိုးသမီးနှစ်ဦးက တုံကွမ်းမြို့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရှိထားရကြောင်း အဆိုပါ လူကုန်ကူးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီပေးနေသူတစ်ဦးက ဆိုသည်။

မဝင်းမြတ်သူကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ခြောက်သွေးသောက်ကျေးရွာနေ အသက်(၃၇)နှစ်အရွယ် မစန်းစန်းမူကို မန္တလေးမြို့ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အသက်(၁၄)နှစ်အရွယ် မဝင်းမြတ်သူမှာ လက်ရှိအချိန်ထိ မိခင်နှင့် အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့အနေဖြင့် ကယ်တင်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ တာဝန်ရှိသူများက ပြောသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်