“ကြည့်လိုက်တော့ ပုံမှန် မဟုတ်တာနဲ့ နာ့စ်မကို ပြေးမေးကြည့်တော့မှ သံသယလူနာ ဖြစ်နေမှန်း သိတာ။ အဲ့ဒီကြမှ Mask တွေ ဘာတွေ တောင်းပြီးတော့မှ ဆေးရုံကို ပို့ပေးရတာ”

မန္တလေးရှိ COVID-19 ရောဂါ ကူးစက်ခံရသူ အမျိုးသားကို အကာအကွယ်ဝတ်စုံများ မပါရှိဘဲ ဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရသည့် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိူးေ၀ ကို Mandalay In-depth News မှ ဆက်သွယ်မေးမြန်းခြင်း

မောင်မင်းမော်၊ မတ်- ၂၇

အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဘိုးမျှတ အိမ်ယာတွင် နေထိုင်လျှက်ရှိသော အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ အတည်ပြုထုတ်ပြန်သည်။

အဆိုပါ COVID-19 လူနာ အမျိုးသားကို ကျန်းမာရေး စစ်ဆေးနိုင်ရန် နေအိမ်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သူမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်နေ အသက်(၃၅)နှစ်အရွယ် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိုးေ၀ ဖြစ်သည်။ ကိုပြည့်ဖြိုးဝေသည် အောင်ပင်လယ်ရပ်ကွက်  လုပ်ကိုင်နေသူဖြစ်ပြီး မြို့နယ်ကြက်ခြေနီအသင်းအတွက် ယာဉ်မောင်း လိုအပ်ပါက ပရဟိတ ယာဉ်မောင်းအဖြစ် ကူညီမောင်းနှင်ပေးနေသူ ဖြစ်သည်။ လက်ရှိတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူကာ နေအိမ်၌ပင် နေထိုင်လျှက်ရှိသည်။

COVID-19 လူနာ အမျိုးသားကို အကာအကွယ်ဝတ်စုံ မပါရှိဘဲ မြရည်နန္ဒာ တန်ဘိုးမျှတအိမ်ယာမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည့် ကိုပြည့်ဖြိုးေ၀ ကို Mandalay In-depth News မှ ဆက်သွယ်မေးမြန်း ထားသည်များအား ဖော်ပြပါသည်။

မေး။ ။ကိုဗစ်လူနာကို သွားခေါ်ခဲ့တဲ့ နေ့ရက်နဲ့ အချိန်လေး ပြောပြပေးပါဦးခင်ဗျ။

ဖြေ။ ။တမြန်နေ့ ၂၅ရက် (နေ့လည်) ၂နာရီဝန်းကျင်လောက်ကဗျ။ သူ့တိုက်ခန်းကို သွားခေါ်ရတာဗျ။

မေး။ ။အကိုတို့ သွားခေါ်ရတာက ဘယ်သူက ညွှန်ကြားလို့ သွားခေါ်ရတာလဲဗျ။

ဖြေ။ ။ဒီမြို့နယ်မှာ တာဝန်ယူထားတဲ့ တစ်ယောက်ရှိတယ်ဗျ။ သူကိုတိုင် မောင်းတာပေါ့၊ ဒါပေမယ့် သူက အဝေးရောက်နေတော့ ကျွန်တော်တို့ အောင်ပင်လယ် ဥက္ကဌကို ဖုန်းဆက်ပြီး အကူအညီ တောင်းတာ။ အကူအညီတောင်းတာက နားစ် (Nurse-သူနာပြု) ငါးယောက်ကို ခေါ်ရမယ်ဆိုပြိး တောင်းတာ။ အဲ့တာနဲ့ ကျွန်တော်ကိုယ်တိုင် မောင်းပြီး အဖော်တစ်ယောက်နဲ့ ကျွန်တော်တို့ အောင်ပင်လယ်ကြက်ခြေနီကားနဲ့ သွားခေါ်တာပေါ့ဗျာ။ ဟိုရောက်တော့ နာ့စ်မတစ်ယောက်ပဲ ရှိတယ်။ ကြက်ခြေနီ နှစ်ယောက်ရှိတယ်။ လူနာရယ် လူနာရဲ့ အမေလားမသိဘူး။ အားလုံး လေးယောက်တွေ့တယ်။ သူက ကားပေါ်တက်၊ ကျွန်တော်က ခုံတွေ ခင်းပေးပေါ့။ တံခါးပေါက်ကလည်း ကျဉ်းတော့ တွန်းတိုက်တာတွေတော့ ရှိလောက်တယ်။ အဝတ်စားက ကြည့်လိုက်တော့ ပုံမန်မဟုတ်တာနဲ့ နာ့စ်မကို ပြေးမေးကြည့်တော့မှ သံသယလူနာ ဖြစ်နေမှန်း သိတာ။ အဲ့ဒီကြမှ Mask (နှာခေါင်းစည်း) တွေ ဘာတွေ တောင်းပြီးတော့မှ ဆေးရုံကို ပို့ပေးရတာဗျ။

မေး။ ။သွားခေါ်တဲ့အချိန်တုန်းက သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့သူ ဘယ်နှစ်ယောက်လောက် ရှိမလဲဗျ။

ဖြေ။ ။ကျွန်တော့် အဖော်တစ်ယောက်ကတော့ ကားပေါ်ပဲ ထိုင်နေတာဆိုတော့ ရှင်းပါတယ်။ ကျွန်တော်ကတော့ နံပါတ်နှစ်နဲ့ ငြိတယ်ဗျ။ အနီးအနားမှာ ရှိခဲ့တဲ့ အနေအထားပေါ့ဗျာ။ ကျွန်တော်တို့က လမ်းကနေပဲ စောင့်နေရတာ အောက်ကိုရောက်မှ သူနဲ့ထိတွေ့ရတာ။ ကျန်တဲ့သူတွေကတော့ တိတိကျကျမသိဘူးဗျ။

မေး။ ။အကိုတို့ သွားခေါ်တဲ့အချိန်မှာ လူနာက ဘာပြောတာတွေ ရှိလဲဗျ။

ဖြေ။ ။သူက ကားပေါ်တက်မယ့် အချိန်မှာ ကျွန်တော် ဘယ်မှာ ထိုင်ရမလဲလို့ မေးတာတစ်ချက်နဲ့ လမ်းရောက်မှ ကျွန်တော် စပ်စုကြည့်တော့ သူ အမေရိက က လာတယ်။ အသက်က ၃၃နှစ်ရှိတယ်။ ဘယ်နေ့က ရောက်တုန်းဆိုတော့ သူ ၁၇ရက်နေ့က ရောက်တယ်ပြောတယ်။ သတင်း(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သတင်း) ထဲမှာကြ ၁၉ရက်လို့ ပြောတယ်ဗျ။ ခွာပြီးပြောတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

မေး။ ။ခေါ်လာပြီးတော့ ဆေးရုံကြီးကို တန်းပို့လိုက်တာလားဗျ။

ဖြေ။ ။ဟုတ်တယ်၊ဟုတ်တယ်။ ဆေးရုံကြီးကို OPT (အရေးပေးဌာန)ကို အရင်ပြတယ်။ ပြီးမှ သူတို့ ၉ထပ်ဆောင်ကို ပြောင်းတယ်ကြားတယ်။

COVID-19 သံသယလူနာကို အကာအကွယ်ဝတ်စုံများ မပါရှိဘဲ ဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရသည့် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိူးဝေ/ Photo – Phoe Thar FB.

COVID-19 သံသယလူနာကို အကာအကွယ်ဝတ်စုံများ မပါရှိဘဲ ဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရသည့် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိူးဝေ/ Photo – Phoe Thar FB.

မေး။ ။သူ့ကိုပို့လိုက်တဲ့ အချိန်မှာ ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေကရော ကာကွယ်ရေး ပစ္စည်းတွေပါသလားဗျ။

ဖြေ။ ။ယူနီဖောင်းရယ်၊ မျက်နှာမှာ mask တပ်ထားတယ်။ ရာဘာလက်အိပ် စွပ်ထားတယ်။ ဒီလောက်ပါပဲ။ PPE ဝတ်စုံတွေတော့ မပါဘူးဗျ။

မေး။ ။အကိုတို့ သွားကြိုတဲ့ကားက ဘာကားလည်းဗျ။ အခု အဲ့ဒီကားကိုရော ဘယ်လို လုပ်ထားလည်းဗျ။

ဖြေ။ ။အောင်ပင်လယ် ကြက်ခြေနီအသင်းက အသင်းပိုင်ကား။ မြို့နယ်ကျန်းမာရေးမှူးက ကျွန်တော်တို့ကားကို ပန်းပင်တွေမှာ ဖျန်းတဲ့ဟာလေးနဲ့ပေါ့၊ ကားတစ်စီးလုံးကို ခေါင်တွေရော အကုန်လုံး ပိုးသတ်ဆေး ဖျန်းပေးလိုက်တယ်။

မေး။ ။သွားခေါ်တဲ့ အချိန်နဲ့ ခု Positive ဖြစ်တဲ့အချိန် ကြားထဲမှာရော အဲ့ကားကို အသုံးပြုခဲ့သေးလားဗျ။

ဖြေ။ ။မသုံး‌သေးဘူး။ မသုံးရ‌သေးဘူးဗျ။ ရက်ခြားထားတယ်။ ခုလည်း ဆေးထပ်ဖျန်းထားတယ်။

မေး။ ။အကိုတို့ အသင်းမှာရော COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ရေးပစ္စည်းတွေရော ရှိရဲ့လားဗျ။

ဖြေ။ ။ကျွန်တော်တို့က အဲ့ဒီအပိုင်း တာဝန်ယူ မထားတော့ ဘာမှမရှိဘူး။ သွားတုန်းကတောင် နှစ်ယောက်သွားတာမှ  ကားတစ်စီးလုံးမှာ mask တစ်ခုပဲ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး သီးသန့်Volunteer (စေတနာ့ဝန်ထမ်း) တွေ ရှိတယ်။ သီးသန့်ယာဉ်တွေ စီစဉ်ထားတာတွေ ရှိတယ်။ ပြောရရင် Plan‌(A)က အဆင်မပြေတော့ Plan(B)ကို သုံးလိုက်ရတဲ့ သဘောပဲ။ အဲ့ဒီမှာ ကမောက်ကမတွေ ဖြစ်ပြီး လိုအပ်ချက်တွေ ဖြစ်ကုန်တာ။

မေး။ ။အကိုတို့ ပို့ခဲ့တဲ့ လူနာက အခု Positive တွေ့တယ်ဆိုတော့ အကို့အနေနဲ့ရော အခုချိန်မှာ ဘယ်လိုနေ နေရလဲဗျ။

ဖြေ။ ။အခုချိန်တော့ Stay Home အဆင့်ပါပဲ။ Quarentine (အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း) အဆင့်တော့ မရောက်သေးဘူး။ မနက်ကမှ သွေးစစ်ထားတယ်။ မနက်ဖြန် မနက်မှ သိရမှာ။ အဖျားလည်း တိုင်းထားတယ်။ မိသားစုရှိတယ်ဗျာ။ အသက် ၈၀ ယောက္ခမ ရှိတယ်။ ကလေးတွေလည်း ရှိတယ်။ ရှိ‌တော့ ကျဉ်းကြပ်တာပေါ့ဗျာ။ ကလေးတွေကလည်း အဖေချစ်ကြတော့ ပလူးပလဲ နေချင်တာပေါ့။ အဲ့တာတော့ သတိထားရတယ်။ အဲ့လို အနေအထားမှာ နေရထိုင်ရတာတော့ ဘောင်ကျဉ်းတာပေါ့။ ကျန်တာတော့ အထွေအထူး မရှိပါဘူး။ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း နေရတာပေါ့။ ရောဂါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာတို့ ကြောက်တာတို့တော့ မရှိပါဘူး။

မေး။ ။ သူ (COVID-19 လူနာ) ပြန်လာတာက ၂၀ရက်နေ့ပေါ့။ အကိုတို့ သွားခေါ်တာက ၂၅ရက်မှာ ဆိုတော့ ကြားထဲမှာကြ မသိတာလား။ အခုကြ‌တော့‌ရော ဘယ်လိုသိပြီး သွားခေါ်လိုက်တယ်လို့ အကို သိထားလဲဗျ။

ဖြေ။ ။ပတ်ဝန်းကျင်က သတင်းပေးမှုဗျ။ သူကိုတိုင် အကြောင်းကြားမှု မဟုတ်ဘူး။ ….. ။

မေး။ ။အကိုတို့လို ပရဟိတ အဖွဲ့တွေရော ဒါနဲ့ပတ်သက်ပြီးတော့ ကြုံလာခဲ့ရင် ဘာများ အကြံပေးချင်လဲဗျ။

ဖြေ။ ။ဘယ်လိုလူနာပဲ ဖြစ်ဖြစ်ပေါ့ ကိုယ်တင်ရတော့မယ် ကိုင်တွယ်ရတော့မယ် ဆိုရင် အခုချိန်မှာ မိသားစုချင်းတောင် သံသယထားရမယ့် အနေအထားမျိုးဆိုတော့ အထူး သတိထားဖို့ရယ်၊ ကိုင်တွယ်ရာမှာ အနည်းဆုံး လက်အိပ်တော့ သုံးစေချင်တယ်။ mask ရောပေါ။့ မရှိရင် အင်္ကျီနဲ့ ဖြစ်ဖြစ်ပေါ့။ သတိထားဖို့ ပြောချင်ပါတယ်။

မေး။ ။အကို့အနေနဲ့ အစိုးရဘက်ကိုရော ဘာများ အကြံပြုချင်လဲဗျ။

ဖြေ။ ။ကျွန်တော်တို့ လက်ရှိ ‌မြေပြင်မှာ ကြုံတွေ့နေတဲ့ အနေအထားကတော့ ပြည်သူတစ်ယောက်အနေနဲ့ ဘာမှ အားရစရာ မရှိဘူးဗျ။ သတင်းပြန်ကြားရေး အပိုင်းမှာလည်း ကျွန်တော့် လူနာဆိုရင် သူက အမေရိကန်နိုင်ငံသား ခံယူထားတယ်။ မြန်မာနိုင်ငံသား မဟုတ်တော့ဘူး။ အဲ့ဒီ အနေအထားမှာ သူ့ရဲ့ အမည်တို့၊ ရုပ်ပုံတို့ ဖော်ပြစေချင်တယ်။ ဘာဖြစ်လို့လည်းဆို ကွင်းဆက်လေးတွေ လိုက်ရတဲ့ အခါမျိုးမှာပေါ့ အချိန်အခါအရ ဖော်ပြသင့်တယ်ဆို ဖော်ပြတာမျိုး ဖြစ်စေချင်တယ်။

မေး။ ။ဒါနဲ့ပတ်သက်ပြီးတော့ အကို့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်လဲဗျ။

ဖြေ။ ။Information (သတင်းအချက်အလက်) တွေ မတိကျသလို အသိပေးခြင်းတွေ အားနည်းတယ်။ ပြီးတော့ လာကူတဲ့ လူတွေကို ပြည့်စုံအောင် ကာဗာ တစ်ခုခုပေါ့။ အဲ့လိုမျိုးတွေ၊ ကျွန်တော့်ကိုဆို (COVID-19 သံသယလူနာဆိုတာ) အသိပေးခြင်းတောင် မရှိပါဘူး။ ကျွန်တော်က မေးမှ သံသယလူနာမှန်း သိရတဲ့ အနေအထားမျိုးတွေ။ Information ကို တိတိကျကျနဲ့ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက် မိမိနဲ့ ဒီကိစ္စတစ်ခုကို မပေါ့မတန်ပေါ့၊ အဲ့လိုမျိုးလေး ဆောင်ရွက်ကြစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

COVID-19 သံသယလူနာကို အကာအကွယ်ဝတ်စုံများ မပါရှိဘဲ ဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရသည့် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိူးဝေ/ Photo – Phoe Thar FB.

COVID-19 သံသယလူနာကို အကာအကွယ်ဝတ်စုံများ မပါရှိဘဲ ဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရသည့် ကြက်ခြေနီ ပရဟိတယာဉ်မောင်း ကိုပြည့်ဖြိူးဝေ/ Photo – Phoe Thar FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်