အဝေးပြေး ယာဉ်လိုင်းများတွင် ခရီးသည် လျှော့ပြီး ယာဉ်စီးခ နှစ်ဆမြင့်ရန် ညွှန်ကြား

ရန်ကုန်-မန္တလေး အမြန်လမ်း စားသောက်ဆိုင်များ ပါဆယ်သာ ရောင်းချရမည်

ဒီဒါင်းမေ၊ မောင်မင်းမော်၊ မတ်-၂၉

Covid-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်နိုင်ရေးအတွက် အဝေးပြေး မော်တော်ယာဉ်လိုင်းများ အနေဖြင့် မတ်လ(၂၈)ရက်မှ စတင်ကာ ယာဉ်တစ်စီးလျှင် ခရီးသည် အရေအတွက် ထက်ဝက်လျှော့ချပြီး ယာဉ်စီးခ နှစ်ဆမြင့်တင်ကောက်ခံရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်အရေအတွက် လျှော့ချစေခြင်း ဖြစ်ပြီး ခရီးသည်များ တစ်ဦးနှင့်တစ်ဦး နီးကပ်မှု မရှိစေရန်အတွက်လည်း ထိုင်ခုံတစ်ခုံခြားစီ ပုံစံဖြင့် နေရာချထားပေးရန် ညွှန်ကြားထားသည်ဟု မန္တလေးတိုင်း ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီ (အဝေးပြေး)  ဥက္ကဌ ဦးအောင်ကျော်လင်းက Mandalay In-depth News အား ပြောသည်။

“ညွှန်ကြားပြီးတော့ ကားကွင်းမှာ စပြီး အကောင်အထည် ဖော်နေပါပြီ”ဟု ဦးအောင်ကျော်လင်းက အဝေးပြေးယာဉ်လိုင်းများ ခရီးသည် ထက်ဝက်လျှော့ချသည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း ပြောသည်။

ခရီးသည် အရေအတွက် ထက်ဝက် လျှော့ချတင်ဆောင်ရမည် ဖြစ်၍ ယာဉ်လိုင်းများ နစ်နာမှု မရှိစေရန် ယာဉ်စီးခကို သတ်မှတ်ဈေး၏ နှစ်ဆနှုန်းဖြင့် ရောင်းချရန်လည်း အထက်ပါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ၏ ညွှန်ကြားချက်တွင် ပါရှိသည်။

 “လူ(ခရီးသည်)လည်း တော်တော် ပါးသွားပြီ။ ဈေးလည်း မတက်သေးပါဘူး။ နောက်နေ့တွေလည်း အခြေအနေကြည့်ပြီး လုပ်ရမှာပေါ့။ ခုကတော့ အသွားအလာလည်း တော်တော်နည်းသွားတာ။ Home Stay ဆိုတော့လေ”ဟု ရွှေမန္တလာ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦနေလင်းဦးက မတ်လ(၂၈)ရက်တွင် ပြောသည်။

Photo – Phyo Ei

လက်ရှိတွင် မော်တော်ယာဉ်အပေါ် စီးနင်းလိုက်ပါမည့် ခရီးသည်များအား အပူချိန်တိုင်းတာခြင်း၊ Hand Gel ဝေငှခြင်း၊ ယာဉ်များနှင့် ဂိတ်ခန်းများကို နေ့စဉ်ပုံမှန် ဆေးဖြန်းခြင်းများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ညွှန်ကြားချက်ကို မန္တလေးမြို့ ယာဉ်ရပ်နားစခန်း (၅) ခုရှိ အဝေးပြေး ယာဉ်လိုင်းများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။

မတ်လ(၂၈)ရက်အထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကူးစက်ခံရသူ (၈) ဦးရှိပြီး အဆိုပါ လူနာများအနက် မန္တလေးမြို့ရှိ COVID-19 လူနာ အမျိုးသားမှာ အဝေးပြေးမှန်လုံယာဉ်ဖြင့် ရန်ကုန်မှ မန္တလေးသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် COVID-19  ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ  Rest camp များတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များကို မတ်လ (၂၉)ရက်မှ စတင်ကာ ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချခြင်း ခွင့်မပြုတော့ဘဲ ပါဆယ်သာ ရောင်းချခွင့် ပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေး ညွန်ကြားရေးမှူးရုံးက ညွှန်ကြားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

စားသောက်ဆိုင်များနှင့် ပတ်သက်၍ ကန့်သတ်ချက် ထုတ်ပြန်သော်လည်း အမြန်လမ်းမကြီးတလျှောက် ယာဉ်သွားလာမှုများကိုမူ ပုံမှန်အတိုင်း ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အမြန်လမ်းမကြီးတလျောက် ခရီးသွားပြည်သူများ အပေါ့အလေး ကျန်းမာရေးကိစ္စများအတွက်  အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ရဲစခန်း(၁၆)ခုနှင့် ရဲကင်း (၄၂)ခု အသင့်ပြင်ဆင်ထားပြီး ဝင်ရောက်ဖြေရှင်းနိုင်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Photo – MFSD

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက်ရှိ အမြန်လမ်းမီးသတ်စခန်း (၁၅)စခန်းတွင် ခေတ္တယာဉ်ရပ်နား နေနိူင်ရန်နှင့် ကျန်းမာရေး အပေါ့အလေးသွားခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ဆောင်ရွက်ထားရှိသလို တခြားလိုအပ်ချက်များ ရှိပါကလည်း အမြန်လမ်းမီးသတ်စခန်း ဖုန်းနံပါတ်များသို့ (၂၄)နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနကလည်း သတင်းထုတ်ပြန်ထားသည်။

Photo – MFSD

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်