COVID-19 ကြောင့် လိုအပ်ပါက ဆင်းရဲသား အခြေခံလူတန်းစားအတွက် အစိုးရက အခမဲ့ ထောက်ပံ့ခြင်း သို့မဟုတ် တစ်ဝက်ဈေးဖြင့် ရောင်းပေးရန် စီစဉ်ဟု ဝန်ကြီးဦးဇာနည်အောင်ပြော

Mandalay In-depth News၊ မတ်-၂၉

COVID-19 ရောဂါ ကူးစက်ပြန့်ပွားကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရပါက အစိုးရအနေဖြင့် အခြေခံ ဆင်းရဲသား လူတန်းစားအတွက် စားသောက်ကုန်များ အခမဲ့ ထောက်ပံ့ခြင်း သို့မဟုတ် တစ်ဝက်ဈေးဖြင့် ရောင်းချပေးခြင်းများကို အခြေအနေပေါ် မူတည်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

မတ်လ(၂၈)ရက် နံနက်ပိုင်းက မန္တလေးတိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် ပတ်သက်၍ မန္တလေးတိုင်း ဆန်ကုန်သည်များအသင်း၊ မန္တလေးတိုင်း ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်း)တို့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း အစိုးရအဖွဲ့အနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံံ့မှု အခြေအနေပေါ် မူတည်၍ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် လုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားသလို အခြေခံလူတန်းစားများ လုပ်ကိုင်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းရပါက ကြုံတွေ့နိုင်သည့် အခြေအနေများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ အလေးအနက်ထား ဆောင်ရွက်နေသည်ဟု ဦးဇာနည်အောင်က ပြောသည်။

“အကယ်၍ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအရ လုပ်ငန်းများ ရပ်ဆိုင်းထားရတဲ့ ကာလရောက်ရှိခဲ့သော် အစိုးရအနေနဲ့ အခြေခံဆင်းရဲတဲ့ လူတန်းစားကို အခမဲ့ထောက်ပံ့ခြင်း၊ သို့မဟုတ် တစ်ဝက်ဈေးနဲ့သာ ရောင်းချခြင်းတွေကို အခြေအနေပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ စားဝတ်နေရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကိစ္စများကို အလေးအနက်ထားပြီး စဉ်းစားရမှာ ဖြစ်ပါတယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒမှာ တိုင်းနှင့် ပြည်နယ်အစိုးရများ အနေဖြင့် ကိုယ့်ဒေသအတွက် ရိက္ခာ ဝယ်ယူစုဆောင်းစေခြင်း မဟုတ်ဘဲ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက်သာ ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒအတိုင်း အလေးအနက်ထား လိုက်နာလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီမူဝါဒကို အလေးအနက်ထားပြီး တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အဆင်ပြေစေရေး ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်ရေးကိစ္စ အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက်ထားမှသာ ကပ်ရောဂါကြီးကို ကောင်းစွာရင်ဆိုင် ကျော်လွှာနိုင်မှာပါ”ဟု ခေတ္တဝန်ကြီးချုပ်က ဆိုသည်။

Photo – Mg Min Maw

လက်ရှိတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများနှင့် ကုန်သည်အသင်းများ ပူးပေါင်းကာ ဆန်၊ ဆီနှင့် ကြက်ဥများကို သင့်တော်သည့် ဈေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးရန် စီစဉ်နေသည်ဟု သိရှိရကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူအချို့က ပြောသည်။

သို့သော် အခမဲ့ ဖြန့်ဝေပေးမည့် ကိစ္စနှင့်ပတ်သက်၍မူ အတိအကျ ပြောကြားခြင်း မရှိဘဲ လိုအပ်ပါက အခမဲ့ ပေးဝေမည်ဆိုသည့် သဘောမျိုးသာ ပြောကြားခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်သူ အချို့က ဆိုသည်။

“လောလောဆယ်တော့ ဆန်၊ ဆီ၊ ကြက်ဥကို ဈေးနှုန်းတစ်ခုနဲ့ ရောင်းပေးဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ လောလောဆယ် ဝယ်လို့ရအောင်ပေါ့၊ ဈေးကလည်း လက်လီကို လက်ကားဈေးနဲ့ ရနိုင်အောင်ပေါ့။ အဲ့ဒီအတွက်ကို ကုန်ပစ္စည်း ရရှိရေး ညှိနှိုင်းတာပေါ့။ ဘယ်တော့ စမယ်ဆိုတာတော့ မပြောသေးဘူး။ ကျွန်တော်တို့ကတော့ အဆင်သင့်ဖြစ်နေပါပြီ”ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဒေါက်တာကျော်ထင်က Mandalay In-depth News အား ပြောသည်။

မန္တလေးတိုင်း ကုန်သည်၊စက်မှုအသင်း (MRCCI) က မန္တလေးမြို့ပေါ် ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးစဉ် ဝယ်ယူနေသူများ/ Photo - ဒီဒါင်းမေ
မန္တလေးတိုင်း ကုန်သည်၊စက်မှုအသင်း (MRCCI) က မန္တလေးမြို့ပေါ် ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးစဉ် ဝယ်ယူနေသူများ/ Photo – ဒီဒါင်းမေ

လက်ရှိတွင် မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာတစ်ဦး တွေ့ရှိထားသည့်အတွက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်နေသည်ဟု ဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ မန္တလေးတိုင်းအတွင်း စားသောက်ဆိုင်များ ပါဆယ်သာရောင်းချစေခြင်း၊ အလှူ၊မင်္ဂလာဆောင်ကဲ့သို့ ပွဲလမ်းသဘင်များ ကျင်းပခွင့်ပိတ်ခြင်းနှင့် အဝေးပြေးခရီးသည်တင် ဘတ်စ်ကားများ ခရီးသည်အရေအတွက် ထက်ဝက်လျှော့ချရန်နှင့် ကျန်းမာသူကိုသာ စီးနင်းခွင့်ပြုရန် တိုင်းအစိုးရက ညွှန်ကြားထားသည်။

ထို့အပြင် မန္တလေးမြိ့ပေါ်ရှိ စည်ပင်သာယာပိုင် ဈေးများအားလုံးကို စားသောက်ကုန်နှင့် ဆေးပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ပြီး ကျန်ဈေးဆိုင်များ ပိတ်သိမ်းရန်လည်း အစိုးရက ညွှန်ကြားထားသည်။

မန္တလေးတိုင်း ကုန်သည်၊စက်မှုအသင်း (MRCCI) က မန္တလေးမြို့ပေါ် ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးစဉ် ဝယ်ယူနေသူများ/ Photo - ဒီဒါင်းမေ
မန္တလေးတိုင်း ကုန်သည်၊စက်မှုအသင်း (MRCCI) က မန္တလေးမြို့ပေါ် ရပ်ကွက်အချို့၌ စားသောက်ကုန်များ ဈေးလျှော့ရောင်းပေးစဉ် ဝယ်ယူနေသူများ/ Photo – ဒီဒါင်းမေ

မတ်လ(၂၈)ရက်အထိ မြန်မာနိုင်ငံတွင်း covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ (၈)ဦး ရှိပြီး မန္တလေးမြို့၌ လူနာတစ်ဦး ရှိနေသည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်