မန္တလေးတွင် ဇနီးက အခြားအမျိုးသားနှင့် ပူးပေါင်းကာ လူသတ်မှုကျူးလွန်၊ လူသတ်ပြီး ရွှေဆွဲကြိုးဖြတ်ယူမှု နာရီပိုင်းအတွင်း ဖမ်းမိ

သူရိန်မင်း၊ မတ်-၂၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးက အသက်(၂၇)အရွယ် အမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ လူသတ်ပြီး ရွှေဆွဲကြိုးဖြတ်ယူခဲ့မှုအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ (၅၉)လမ်းနှင့် ယောမင်းကြီးလမ်းဒေါင့်တွင် မတ်(၂၇)ရက်၊ ည(၈)နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု့ကျုးလွန်သူများကို ရှာဖွေဖော်ထုတ်ရာ (၈)နာရီအတွင်း ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မတ်လ(၂၇)ရက် ည(၈)နာရီခန့်က ပြည်ကြီးတံခွန်ြမို့နယ် (ဈ)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် ရှိနေစဉ် အကိုဖြစ်သူ ကိုမြင့်သန်းမှာ စကိုဖီးဆိုင်ကယ်ဖြင့် အပြင်ထွက်သွားရာမှ ပြန်ရောက်လာခြင်း မရှိဘဲ ည(၈)နာရီကျော်တွင် ဆယ်အိမ်မှုးမှ လမ်းဆုံရေမြောင်းတွင် အကိုဖြစ်သူ သေဆုံးနေကြောင်း လာရောက် အကြောင်းကြားခဲ့သည်။ ထို့နောက် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရာ အကိုဖြစ်သူမှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး အကို၏ ဇနီးဖြစ်သူမှာလည်း ပွန်းပဲ့ဒဏ်ရာများဖြင့် မန္တလေးဆေးရုံကြီးတွင် တင်ပို့ထားကြောင်း သိရသဖြင့် အကိုဖြစ်သူအား အသက်ဆုံးရှုံးအောင် ပြုလုပ်သွားသူအား ဥပဒေအရ အရေးယူပေးပါရန် ၎င်းအမျိုးသမီးက နယ်မြေခံရဲစခန်းတွင် တိုင်းတန်းခဲ့သည်။

ထိုသို့ တိုင်တန်းသဖြင့် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှု့ဖြင့် စက်မှု့နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှု့ခင်း အကူဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီး၏ တယ်လီဖုန်း မှတ်တမ်းများမှတစ်ဆင့် စုံစမ်းခဲ့ရာ မသင်္ကာသူအား အနှိပ်တော်ရပ်ကွက်ရှိ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် မတ်(၂၈)ရက်၊ နံနက်(၄)နာရီခွဲက တွေ့ရှိခဲ့သည်။ အဆိုပါ မသင်္ကာသူကို အသိသက်သေများ ဖြင့်စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်က စီးနင်းခဲ့သည့် မော်တော်ဆိုင်ကယ်နှင့် အတူ စလွယ်သိုင်းအိတ်အတွင်းမှ သေဆုံးသူ ဝတ်ဆင်ခဲ့သော အလေးချိန်(၁)ကျပ်ခွဲသားရှိ ရွှေဆွဲကြိုး(၁)ကုံးနှင့်အတူ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ မသင်္ကာသူ အမျိုးသားကို စစ်ဆေးရာ အခင်းဖြစ်ညက ၎င်းနှင့်ချစ်ကြိုက်၍ လွန်ခဲ့သော(၅)လခန့်က အလုပ်အတူတူ လုပ်ကိုင်ခဲ့ဖူးသူ သေဆုံးသူ၏ဇနီးတို့သည် (ဈ)ရပ်ကွက်၊ စည်ပင်အမှိုက်ပုံအနီးတွင် တွေ့ရှိစကားပြောနေချိန် သေဆုံးသူ ရောက်ရှိလာပြီး စကားများရာမှ သေဆုံးသူ၏ ဇနီးက အသင့်ယူဆောင်လာသော အရှည်(၈) လက်မခန့်ရှိ စတီးဓားဖြင့် ထိုးခိုင်းရာ လည်ပင်း ၊ဝမ်းဗိုက်အား ထိုးခဲ့ကြောင်း၊ နှစ်ဦးသား လုံးထွေးစဉ် အနီးရှိ မှန်ကွဲစများဖြင့် လည်ပင်း၊ဝမ်းဗိုက်တို့အား ထပ်မံထိုးခဲ့ကြောင်း၊ သေလုမျောပါးဖြစ်နေစဉ် သေဆုံးသူ၏ ဇနီးနှင့်အတူ ၎င်းအား မ၍ ရေမြောင်းအတွင်း ပစ်ချပြီး အနီးရှိ ကျောက်တုံးဖြင့် ဦးခေါင်းအား ထပ်မံထုခဲ့ကာ ဓားရိုးအား မြောင်းဘေးခြံစည်းရိုးအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် စက်မှု့နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ ဖြင့် ရေးဖွင့်၍ ပြစ်မှုကျုးလွန်သူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်နေ အသက်(၂၀)အရွယ် အမျိုးသားနှင့် ပြည်ကြီးတံခွန်မြို့နယ် ဈ ရပ်ကွက်နေ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတို့ကို ဆက်လက်စစ်ဆေးလျှက်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖမ်းဆီးထားသူ နှစ်ဦးနှင့် သက်သေခံ ပစ္စည်းများ/ Photo – …

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်